မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၀
အာဏာသိမ်း စစ်တပ် ဦးဆောင် ဖွဲ့စည်းမယ့် မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်နေရာအတွက် လက်ရှိ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းတို့ နှစ်ဦး ရေပန်းစားနေတယ်လို့ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဦးအောင်ကြည်သိန်းနဲ့ ဦးတင်ဇော်ထွန်းဟာ စစ်ကော်မရှင် ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေး ကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရထားတဲ့သူတွေ ဖြစ်ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ၊ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းဟာ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်နေရာကနေ အနိုင်ရရှိထားပါတယ်။
ဦးအောင်ကြည်သိန်းဟာ ဒေသတွင်း လာဘ်ငွေယူကာ လောင်းကစားဝိုင်းတွေ ဖွင့်ခွင့်ပေးတာ၊ သူ့အကျိုးအတွက် စီမံကိန်းတွေ ချပေးတာ၊ လုပ်ငန်းလုပ်ကိုင်ခွင့်တွေ ပေးနေတာကြောင့် ဒေသခံတွေအကြား ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။
မွန်ပြည်နယ် ရဲမှူးကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဦးတင်ဇော်ထွန်းကလည်း ပြည်နယ် လူမှုရေးရာဝန်ကြီး ရာထူး ရယူထားပေမယ့် ဒေသတွင်းက ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးအပြင် လူမှုရေးကဏ္ဍတွေမှာ လိုက်ပါဆောင်ရွက်ပေးမှု နည်းပါးတာကြောင့် လူသိနည်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။
သံလွင်တိုင်းမ်ရဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ လာမယ့် မွန်ပြည်နယ်အစိုးရအဖွဲ့မှာ ကြံ့ခိုင်ရေးပါတီကသာ ဝန်ကြီးချုပ် ရာထူးရယူမှာ ဖြစ်ပြီး ဒုတိယ မဲအများဆုံး အနိုင်ရရှိတဲ့ မွန်ညီညွှတ်ရေးပါတီကိုတော့ ဝန်ကြီးဌာန ဖွဲ့စည်းမှုအပေါ် မူတည်ပြီး ဝန်ကြီး တစ်နေရာ ဒါမှမဟုတ် နှစ်နေရာ ပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးကိုတော့ လာမယ့် မတ်လ တတိယပတ်အတွင်း ခေါ်ယူသွားဖို့ စစ်ကော်မရှင်ဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

