ဘီးလင်း၊ ဖေဖော်ဝါရီ ၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာလမ်းဝထိပ်ရှိ ပြည်သူ့စစ်ဂိတ်မှာ ပြည်သူ့စစ်အဖွဲ့ဝင် အချင်းချင်း ဓားထိုးမှု ဖြစ်ပြီးနောက် တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က စစ်ကောင်မရှင် လက်အောက်ခံ ဇုတ်သုတ်ကျေးရွာ ပြည်သူ့စစ်ဂိတ်မှာ ပြည်သူ့စစ်အဖွဲ့ဝင် သန်းဦးနဲ့ ငကျော်တို့ စကားများ ရန်ဖြစ်ရာကနေ ဓားထိုးမှု ဖြစ်ပွားခဲ့တာပါ။
ဓားနဲ့ထိုးခံရတာကြောင့် ကြက်ဖ (ခေါ်)သန်းဦးဟာ ဝမ်းဗိုက်နဲ့ ရင်ဘတ်တွေမှာ ထိုးသွင်းဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးဟာ ဆိုင်ကယ်တွေ လိုက်လံရာကနေ ရရှိလာတဲ့ ငွေတွေ ခွဲဝေရာမှာ အဝေမတည့်လို့ ဓားထိုးမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဓားနဲ့ထိုးခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ငကျော်ဆိုသူကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးပြီးနောက် ဘီးလင်းမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်က လက်သပ်မွေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ရဲနဲ့တပ်တို့နဲ့အတူ ဆိုင်ကယ်ဖမ်းတာ၊ ကားဖမ်းပြီး ငွေညှစ်တာ၊ စစ်မှုထမ်းပေါ်တာဆွဲ ငွေညှစ်တာနဲ့ စစ်ကြောင်းထိုးတာကအစ လိုက်ပါလုပ်ဆောင်နေတာလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

