ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၉

မိမိရဲ့ အတိုက်အခံ လက်တွဲဖော် ဟွန် ပါဘလို ဂူအန်နီပါဟာ ပြန်လွတ်မြောက်လာပြီးနောက် နာရီပိုင်းအကြာမှာ ပြန်ပေးဆွဲခံလိုက်ရတယ်လို့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက ပြောပါတယ်။

Justice First ပါတီ ခေါင်းဆောင် ဂူအန်နီပါဟာ မြို့တော် ကာရာကတ်စ် လော့စ်ခိုရော့စ် ရပ်ကွက်မှာ ဖမ်းဆီးခံရတာ ဖြစ်ကြောင်း နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာချာဒိုက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။

အရပ်ဝတ်တွေ ဝတ်ဆင်ထားပြီး လက်နက် အများအပြား ကိုင်ထားသူတွေ ကား လေးစီးနဲ့ ရောက်လာပြီး သူ့ကို အတင်းအကြပ် ဖမ်းဆီးသွားတာ ဖြစ်ကြောင်း မစ္စစ် မာချာဒိုက လူမှုမီဒီယာမှာ ဖေဖော်ဝါရီ ၉ ရက်က ဖော်ပြထားပါတယ်။

အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဂူအန်နီပါဟာ ထောင်ထဲမှာ ၈ လ နေခဲ့ရပြီး တခြား နိုင်ငံရေးသမားတွေနဲ့အတူ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

ဂူအန်နီပါဟာ တစ်နေရာကနေ တစ်နေရာသို့ ပြောင်းရွှေ့ချိန်မှာ အာဏာရှင်ရဲ့ ဖိနှိပ်တတ်တဲ့ အင်အားစုတွေက ပြန်ပေးဆွဲသွားတာ ဖြစ်တယ်လို့ သူ့ရဲ့ ဗဟို-လက်ယာပါတီက ပြောပါတယ်။

သူနဲ့အတူ လိုက်ပါသွားသူတွေကို လက်နက်ကိုင်တွေက သေနတ်တွေနဲ့ ထိုးချိန်ထားပြီးနောက် ဂူအန်နီပါကို ကား တစ်စီးထဲ ထိုးထည့်ပြီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဂူအန်နီပါကို အန္တရာယ်ပေးရင် ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်၊ အမျိုးသားညီလာခံ ဥက္ကဋ္ဌ ဂျော့ချ် ရိုဒရီဂွတ်ဇ်နဲ့ ပြည်ထဲရေးဝန်ကြီး ဒီအို့စ်ဒါဒို ကာဘယ်လို တို့ကို တာဝန်ခံခိုင်းမှာ ဖြစ်ကြောင်း Justice First ပါတီက ပြောဆိုထားပါတယ်။

ဂူအန်နီပါကို ချက်ချင်း လွှတ်ပေးရေး တောင်းဆိုပေးဖို့နဲ့ အတိုက်အခံတွေအပေါ် ဗင်နီဇွဲလား အစိုးရရဲ့ ဖိနှိပ်မှု အဆုံးသတ်ရေး ဆောင်ရွက်ပေးဖို့ နိုင်ငံတကာကို တိုက်တွန်းကြောင်းလည်း အဲဒီပါတီက ပြောပါတယ်။

သားဖြစ်သူ ရာမွန်က ဖခင်ဖြစ်သူ ဂူအန်နီပါ လွတ်မြောက်လာပြီ ဖြစ်ကြောင်း လူမှုမီဒီယာမှာ ဖော်ပြခဲ့ပြီး မကြာခင် သူပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်က ပြန်လွတ်လာသူ ၃၀ ထဲမှာ ဂူအန်နီပါလည်း ပါဝင်လာခဲ့တာ ဖြစ်ပြီး ပြန်ပေးဆွဲခံရပြီးနောက်မှာ သားဖြစ်သူ ရာမွန်က ဖခင်ဖြစ်သူ အသက်ရှင်လျက်ရှိနေသေးကြောင်း သက်သေပြပေးဖို့ တောင်းဆိုခဲ့ပါတယ်။

၂၀၂၄ ရွေးကောက်ပွဲ ရလဒ်ကို စိန်ခေါ်ခဲ့တဲ့အတွက် ဂူအန်နီပါဟာ အကြမ်းဖက်မှု၊ နိုင်ငံတော် သစ္စာဖောက်မှု စွဲချက်တွေနဲ့ စွဲချက်တင်ခံရပြီးနောက် ပုန်းအောင်းနေခဲ့ရပါတယ်။

သူ့ကို ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့က လိုက်လံရှာဖွေပြီး ၂၀၂၅ ခုနှစ် မေလက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သမ္မတ နီကိုလာ့စ် မာဒူရိုလက်ထက်မှာ အစိုးရ ဆန့်ကျင်သူတွေနဲ့ ဝေဖန်သူတွေကို နှုတ်ပိတ်တဲ့အနေနဲ့ လူအများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ အတိုက်အခံနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.