ဖာပွန်၊ ဖေဖော်ဝါရီ ၁၀

တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ ကရင်ပြည်နယ် ဖာပွန်ဗျူဟာ မကျရေးအတွက် စစ်ကော်မရှင်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖာပွန်ဗျူဟာကို ပြီးခဲ့တဲ့ ၂၀၂၄ မတ်လကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဖာပွန်ဗျူဟာစခန်းသိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ပြီး စစ်ကော်မရှင်ဘက်ကလည်း ဗျူဟာမကျရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံနေတာပါ။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းခုခံမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာ ရှိပေမယ့် စိုးရိမ်ရတဲ့အဆင့်ထိ တစ်ယောက်မှ မရှိဘူးလို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အထိနာနေပြီး သူတို့တပ်ဖွဲ့အားလုံး ဗျူဟာစခန်းထဲမှာ ပြန်လည်စုစည်းနေကြတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဝါဒဖြန့် အကောင့်တွေမှာတော့ ဖာပွန်ဗျူဟာတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က အထိအခိုက်များပြားခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဝါဒဖြန့်ထားတာကို တွေ့ရပါတယ်။

ဖာပွန်ဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ဖာပွန်ဗျူဟာရဲ့ နေရာအတော်တော်များများကို တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ဗာပွန်ဗျူဟာစခန်းထဲမှာ စစ်ကော်မရှင်တပ်တွေအပြင် ဖာပွန်မြို့က ဌာနဆိုင်ရာဝန်ထမ်းတွေ ဖာပွန်အခြေစိုက် တပ်ရင်းဌာနချုပ်က စစ်ကော်မရှင်တပ်မိသားစုဝင်တွေ ရှိနေကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.