ကိဗ်၊ ဖေဖော်ဝါရီ ၉
လေးနှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်တဲ့ စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု ရယူကြဖို့ အမေရိကန်က ယူကရိန်းနဲ့ ရုရှားကို ဇွန်လအထိ နောက်ဆုံးအချိန် သတ်မှတ်ပေးထားတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောလိုက်ပါတယ်။
ယူကရိန်း စွမ်းအင် အဆောက်အဦတွေကို ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီ ၇ ရက်က နျူကလီးယား စက်ရုံတွေရဲ့ ဓာတ်အား ထုတ်လုပ်မှု လျော့ကျသွားခဲ့ပါတယ်။

နောက်ဆုံး သတ်မှတ်ထားတဲ့ ဇွန်လ မတိုင်ခင် သဘောတူညီမှု မရယူနိုင်ဘူးဆိုရင် အမေရိကန်က ရုရှားကိုရော၊ ယူကရိန်းကိုပါ ဖိအားပေးလာနိုင်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
နွေရာသီအစမှာ စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု ရယူကြဖို့ နှစ်နိုင်ငံစလုံးကို ဒေါ်နယ် ထရန့် အစိုးရက အဆိုပြုထားပြီး နောက်ဆုံး သတ်မှတ်ချိန် နီးကပ်လာတာနဲ့ အမျှ နှစ်ဖက် စလုံးကို ဖိအားပေးလာနိုင်တယ်လို့ ဇီလန်စကီးက ဆိုတာပါ။

ယူကရိန်း-ရုရှား စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်က လုပ်လို့ရသမျှ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ပြောထားကြောင်းနဲ့ အမေရိကန်က ပထမဆုံးအကြိမ်အနေနဲ့ သူတို့နိုင်ငံမှာ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေကို လာမယ့် သီတင်းပတ် စတင်မယ်လို့ ပြောထားကြောင်း ဇီလန်စကီးက ပြောထားပါတယ်။
ရုရှားက ဒေါ်လာ ၁၂ ထရီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေး အဆိုပြုမှု တစ်ခု ပြုလုပ်ထားတယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။
ရုရှားက ဆောင်းရာသီအတွင်း အပူချိန် သုည ဒီဂရီအောက် ရောက်ရှိနေချိန်မှာ ယူကရိန်းရဲ့ စွမ်းအင် အဆောက်အဦတွေကို အရှိန်မြှင့် တိုက်ခိုက်နေတာကြောင့် ယူကရိန်း ပြည်သူ ထောင်နဲ့ချီပြီး အနွေးပေးစက် အသုံးပြုလို့ မရ ဖြစ်နေပါတယ်။
ယူကရိန်းကလည်း ရုရှား ပိုင်နက်တွေထဲအထိ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပြီး ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မော်စကိုမှာ ရုရှား ထိပ်တန်း စစ်ဗိုလ်ချုပ် တစ်ဦး သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရတာဟာ ယူကရိန်း လက်ချက်လို့ ကရင်မလင် နန်းတော်က စွပ်စွဲထားပါတယ်။
ဒီလုပ်ကြံမှုနဲ့ပတ်သက်လို့ ယူကရိန်းက မှတ်ချက် မပေးသေးပေမယ့် ရုရှားက ဒါဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လမ်းချော်သွားအောင် ကြိုးပမ်းတဲ့ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
ရုရှားက ဒွန်ဘတ်စ်ဒေသက ယူကရိန်းတပ်တွေ ထွက်သွားရအောင် ဖိအားပေး တိုက်ခိုက်နေပြီး နယ်မြေ အသစ်တွေ သိမ်းပိုက်ရရှိကြောင်း ကြေညာထားပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေချိန်မှာပဲ နှစ်နိုင်ငံကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ရုရှားက နယ်မြေတွေ လက်လွှတ်ပေးဖို့ ယူကရိန်းဆီ တောင်းဆိုထားပြီး မပြေလည်နိုင်ဆုံး ကိစ္စရပ်တွေကို သုံးနိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းအနေနဲ့ ဒွန်ဘတ်စ် ဒေသကို ရုရှားဆီ လွှဲပြောင်းပေးသင့်ကြောင်း အမေရိကန်က တိုက်တွန်းထားပြီး အဲဒီဒေသမှာ စီးပွားရေး ဇုန်တည်ဆောက်ဖို့ ကြံစည်နေပါတယ်။
လောလောဆယ် ရုရှားနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူနိုင်ဖို့ လေ့လာနေတယ်လို့ ယူကရိန်းက ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့ အဆိုပြုချက်နဲ့ အရင်က တစ်ပတ်ကြာ အပစ်ရပ်ဖို့ ရုရှားက သဘောတူညီခဲ့ပေမယ့် လေးရက်အကြာမှာ ချိုးဖောက်ခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ပြောဆိုထားပါတယ်။
Ref:AP

