ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄
သမ္မတ ဒေါ်နယ် ထရန့်က အမေရိကန်ကို အာဏာရှင် နိုင်ငံဖြစ်လာအောင် ပြောင်းလဲနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်မှာ သတိပေးလိုက်ပါတယ်။
ကမ္ဘာတဝှမ်း နှစ်ပေါင်း ၄၀ အတွင်း ဒီမိုကရေစီ အားအနည်းဆုံး ဖြစ်လာကြောင်းလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဒေါ်နယ် ထရန့် အိမ်ဖြူတော်သို့ ရောက်ရှိလာတာကြောင့် ရုရှားနဲ့ တရုတ်ဆီက ဖိအားတွေနဲ့ ကြုံနေရပြီး ဖြစ်တဲ့ လူ့အခွင့်အရေးတွေ လျော့ကျမှု အရှိန်မြင့်တက်လာစေခဲ့တယ်လို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေးနဲ့ သုတေသနအဖွဲ့က သူတို့ရဲ့ နှစ်စဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ စည်းစနစ်အပေါ် အခြေခံတဲ့ ဥပဒေတွေ ချိုးဖျက်ခံလိုက်ရပြီ ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။
အမေရိကန်မှာ ထရန့်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း မလေးစားမှုတွေ ပြသနေပြီး ထင်ရှားတဲ့ ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။

မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ဥပဒေချိုးဖောက်မှုရှိတဲ့ စီးနင်းမှု ရာနဲ့ချီ ပြုလုပ်နေတဲ့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် အေဂျင်စီရဲ့ အေးဂျင့်တွေ ချထားမှုကို လူ့အခွင့်အရေး အဖွဲ့က ထောက်ပြထားပါတယ်။
ထရန့်က နိုင်ငံရေး ရန်သူတွေလို့ ယူဆသူတွေ၊ အခုအချိန် သူ့ကို ပြစ်တင်ဝေဖန်နေတဲ့ အရာရှိဟောင်းတွေကို ပစ်မှတ်ထားနေတယ်လို့လည်း အဲဒီ အဖွဲ့က ပြောပါတယ်။
ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ ၂၅၂ ဦးကို အယ်လ်ဆာဗေးဒိုး အကျဉ်းထောင်သို့ အတင်းအကြပ် ပို့ဆောင်ခဲ့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေအရ အမေရိကန်က ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။
ဒီမိုကရေစီ စံနှုန်းတွေဟာ ဆိုဗီယက်ပြည်ထောင်စု ရှိနေဆဲ ဖြစ်တဲ့ ၁၉၈၅ ခုနှစ်က အဆင့်မျိုးဆီ လျော့ကျသွားကြောင်း လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။
ရုရှားနဲ့ တရုတ်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကထက် လွတ်လပ်ခွင့်ပိုနည်းလာပြီး အမေရိကန်လည်း ထိုနည်းလည်းကောင်းပဲလို့ အဲဒီ အဖွဲ့က ပြောပါတယ်။
အခွန်ကို လက်နက်လို သုံးနေတဲ့ ထရန့်ကို ဆန့်ကျင်ရေး အပါအဝင် နိုင်ငံအများအနေနဲ့ လူ့အခွင့်အရေး လေးစားမှု အပေါ် အခြေခံတဲ့ မဟာမိတ်ဖွဲ့ပြီး အတူတကွရပ်ကြဖို့ လူ့အခွင့်အရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဖိလစ်ပီ ဘိုလိုပီယွန်က တိုက်တွန်းထားပါတယ်။
မဟာမိတ်ဖွဲ့တဲ့ နိုင်ငံတွေအနေနဲ့ အခြေခံမူတွေ၊ တန်ဖိုးထားမှုတွေ၊ ဒီမိုကရေစီ၊နိုင်ငံတကာ ဥပဒေနဲ့ လူ့အခွင့်အရေးတို့ အပေါ် အခြေခံတည်ဆောက်ထားတဲ့ အဖွဲ့မျိုး ဖြစ်သင့်တယ်လို့ညွှန်ကြားရေးမှူး ဖိလစ်ပီ က ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:AFP

