မော်လမြိုင် ၊ ဖေဖော်ဝါရီ ၅

လာမယ့် ဧပြီမှာ အစိုးရသစ်ပေါ်လာမယ်လို့ ထုတ်ပြောထားတဲ့ စစ်ကော်မရှင်က လွှတ်တော်တောင်မစရသေးဘဲ အားလုံးရဲ့ အထက်မှာ နေရာယူမယ့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြည်ထောင်စုအတိုင် ပင်ခံကောင်စီဆိုတဲ့ ဥပဒေကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဖန်တီးလာပါတယ်။

အာဏာသုံးရပ်လုံးကို လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ဥပဒေပြဋ္ဌာန်းတာလို့ ဆိုပါတယ်။

ဥပဒေအရ စစ်တပ်ရဲ့ ရွေးကောက်ပွဲကနေ တက်လာမယ့် သမ္မတက သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ဝင် ၅ ဦးထက်မနည်းပါဝင်တဲ့ ကောင်စီကို ဖွဲ့စည်းရမှာပါ။

အဲဒီအတွက် ဥက္ကဌနဲ့ အတွင်းရေးမှူးတို့ကို သမ္မတကပဲ သတ်မှတ်ပေးရမှာဖြစ်သလို ကောင်စီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း သတ်မှတ်ပေးရမယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။

ဒါဟာ စစ်ဗိုလ်ချုပ်တွေ ပါဝင်တဲ့ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားတဲ့ ရွေးကောက်ပွဲကနေတဆင့် သမ္မတဖြစ်လာမယ့်သူက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဆိုတဲ့ အဖွဲ့ဝင်တွေကို စိတ်ကြိုက် ခန့်အပ်လို့ ရတဲ့ သဘောပါ။

ဒီဥပဒေကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ မလုပ်တော့ဘဲ ကာချုပ်ရာထူးကိုလည်း စွန့်လွှတ်စရာမလိုတဲ့ နိုင်ငံရေးအာဏာလည်း ဆုပ်ကိုင်လို့ရမယ့် အတိုင်ပင်ခံကောင်စီရဲ့ ဥက္ကဌ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ကျောင်းသားခေါင်း‌ဆောင်ဟောင်း ကိုမင်းသွေးသစ်က နိုင်ငံ့အာဏာသုံးရပ်လုံးကို အတိုင်ပင်ခံကောင်စီက ကိုင်ထားတာမို့ စစ်ခေါင်းဆောင်ကပဲ စစ်တပ်နဲ့ အဲဒီကောင်စီကို ဦးဆောင်မယ်လို့ သုံးသပ်ပါတယ်။

“နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး ဒါတွေကို အတိုင်ပင်ခံကောင်စီက ကိုင်ထားတာပဲဖြစ်တယ်။ဘာကြောင့်လဲဆို သူတို့မှာ ငြိမ်းချမ်းရေးတို့ နိုင်ငံခြားရေးတို့ ဒါတွေက အရေး ကြီးတဲ့ ကဏ္ဍ၊ ရပ်ရွာအေးချမ်းသာယာရေးဆိုတာလည်း ကာကွယ်ရေးပဲ။ အုပ်ချုပ်ရေး၊ဥပဒေပြုရေး၊တရားစီရင်ရေး ဒီဟာတွေတခုလုံးကို ကိုယ့်လူထည့်မယ် အုပ်ချုပ်ရေးထဲမှာလည်း သူ (စစ်ခေါင်းဆောင်) နိုင်ငံတော်အတိုင်ပင်ခံကောင်စီအနေနဲ့ ရပ်ရွာအေးချမ်းသာယာရေး ငြိမ်းချမ်းရေးခေါင်းစဉ်တွေနဲ့ ပါမယ်ဆိုတော့ သူက အာဏာသုံးရပ်လုံးနဲ့ စစ်တပ်ကို သူထပ်ပြီး ကိုင်ထားတဲ့ သဘောပါပဲဗျ”လို့ ဆိုပါတယ်။

အတိုင်ပင်ခံကောင်စီဥပဒေရဲ့ ရည်ရွယ်ချက်မှာတော့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများရေးတို့အတွက် အကြောင်းပြထားတာပါ။

တာဝန်ပေးအပ်တဲ့အခါ ပြည်‌ထောင်စုလွှတ်တော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာခွဲ‌ဝေအပ်နှင်းထားတဲ့ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ကို မထိခိုက်စေဘဲ ဒီဥပဒေရဲ့ ရည်ရွယ်ချက်နဲ့အညီ သမ္မတကို အခွင့်အာဏာအပ်နှင်းတယ်လို့ ဆိုပါတယ်။

ဒီအတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြဋ္ဌာန်းရေး စတဲ့ ကိစ္စရပ်တွေကို အကြံပေးတာ၊ ညှိနှိုင်းတာတွေ ပြုလုပ်နိုင်ရေး နိုင်ငံတော်သမ္မတက ကောင်စီကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကာလ ရွေးကောက်ပွဲတွေကနေ ပေါ်ပေါက်လာမယ့် လွှတ်တော်တွေ အစိုးရတွေ တရားစီရင်ရေးအဖွဲ့အစည်းတွေအားလုံးကို အတိုင်ပင်ခံကောင်စီက ဝင်စွက်ဖက်ခွင့် လွှမ်းမိုးချုပ်ကိုင်ခွင့် ထိန်းချုပ်ခွင့် ရယူလိုက်တာလို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက ထောက်ပြပါတယ်။

တစ်ဘက်မှာ နိုင်ငံသားအားလုံးရဲ့ အချုပ်အခြာအာဏာကို စစ်တပ်အပါအဝင် တစ်ဦးတစ်ယောက်တစ်ဖွဲ့ထံ အပြီးအပိုင် အပ်နှင်းလိုက်တဲ့ ရာသက်ပန် စစ်အာဏာရှစ်စနစ်ကြီးစိုးရေးကို ဦးတည်တဲ့ လုပ်ရပ်မို့ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ စည်းမျဉ်းခံ အဆင့်သို့ ရောက်ရှိသွားပြီလို့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေ့လာသူတွေကတော့ ဒီဥပဒေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၇ ကို အကြောင်းပြုကာ ပြဌာန်းခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံဥပဒေနဲ့ ဆင်တူပြီး အရပ်သားပုဂ္ဂိုလ်တစ်ဦးနဲ့ ကောင်စီအဖွဲ့ဝင်သာ ကွာခြားတယ်လို့ ပြောဆိုနေကြတာပါ။

နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို ပြဌာန်းဖို့ ၂၀၁၆ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်ကနေ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ ကန့်ကွက်မဲတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲခွဲဆုံးဖြတ်ချက်နဲ့ အတည်ပြုပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာသိမ်း စစ်တပ်ရဲ့ ကာလုံကတော့ မတ်လမှာ ခေါ်ယူမယ့် တတိယကြိမ် ပြည် ထောင်စုလွှတ်တော်ကနေ မဲခွဲဆုံးဖြတ်မှုကို ရယူဖို့ မစောင့်ဆိုင်းတော့ဘဲ အစိုးရဖွဲ့ဖို့ နှစ်လအလိုမှာ လက်ဦးမှုယူကာ အတိုင်ပင်ခံကောင်စီ ဥက္ကဌရာထူးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေကြောင့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဆိုတဲ့ အဖွဲ့အစည်းတစ်ရပ် ပေါ်‌ပေါက်လာမှာဖြစ်ပြီး နိုင်ငံရဲ့ အင်္ဂါစဉ်အရ နံပါတ်တစ်ဖြစ်တဲ့ သမ္မတပြီးရင် အတိုင်ပင်ခံကောင်စီ ဥက္ကဌဟာ နံပါတ်နှစ်အဖြစ် နေရာယူလာမှာပါ။

ဒါ့အပြင် ဥပဒေပါ လုပ်ပိုင်ခွင့်အာဏာအရ အတိုင်ပင်ခံကောင်စီ ဥက္ကဌဖြစ်လာမယ့်သူဟာ ကောင် စီဝင်တွေနဲ့အတူ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ အကြံပေးညှိနှိုင်းမှုတွေ လုပ်မှာဖြစ်လို့ အားလုံးရဲ့ အ ထက်မှာ ရှိနေတယ်လို့ လေ့လာသူတွေက ဝေဖန်ကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်ကတော့ ဖွဲ့စည်းပုံအရ ကာချုပ်ဟာ အကြွင်းမဲ့ဖြစ်တဲ့အတွက် သမ္မတရာထူးနဲ့ ပူးတွဲယူထားလို့ မရတာကြောင့် ဥပဒေမပြင်နိုင်သေးတဲ့ စပ်ကြားမှာ အပြန်အလှန်ထိန်းကျောင်းဖို့ အတိုင်ပင်ခံကောင်စီဥပဒေ ပြဌာန်းတာလို့ ပြောပါတယ်။

ဒါကြောင့် မကြာခင် လွှတ်တော်ပေါ်လာမှာမို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံကို တိုက် ရိုက်အုပ်ချုပ်လို့မရတဲ့အတွက် စစ်ခေါင်းဆောင်အနေနဲ့ သမ္မတရာထူးကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ သူက အခုလို သုံးသပ်ပါတယ်။

“Head of State (နိုင်ငံရဲ့ အကြီးအကဲ) ကို သမ္မတက အကြောင်းမဲ့ယူတာ မဟုတ်ဘူး။ ပြီးတော့ သမ္မတက အမြင့်ဆုံးပဲလေ။ ကာချုပ်က သူ့ဘာသာသူ အခြေခံဥပဒေနဲ့ သမ္မတ ရထားတာတွေကို လှမ်းနိုက်ယူတဲ့ အဆင့်ပဲ ရှိတယ်။ တိုက်ရိုက်အာဏာမရှိဘူးလေ။ (သမ္မတဆီမှာ) တိုက်ရိုက်အာဏာရှိရင်တော့ အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးကြေညာပေါ့။ အဲဒီအခါ သူ့ (သမ္မတ) အာဏာရှိတယ်။ ဒါကြောင့်မို့လို့ အခုလွှတ်တော်တွေ ပေါ်ပြီဆိုတော့ ကာကွယ်ရေးဦးစီးချုပ်ကလည်း အုပ်ချုပ်လို့ မရဘူး။ အဲဒီတော့ သမ္မတပဲ အုပ်ချုပ်မှာလေ။ နောက်ပိုင်းမှာ အခြေခံဥပဒေပြင်ပြီး ၂၀၀၈ ကို အာဏာလျှော့လိမ့်မယ်ထင်တယ်။ သမ္မတကပဲ စစ်ဦးစီးချုပ်ကို ခန့်အပ်နိုင်တယ်။ ဖြုတ်နိုင်တယ်ဆိုတဲ့ အာ ဏာပေးလိမ့်မယ် ထင်တယ်။ အခြေခံဥပဒေကို ပြင်ပစ်လိုက်မှာပေါ့”လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲကနေ စစ်ကော်မရှင်နဲ့ ကာလုံမှာ တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်တွေပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီကပဲ လွှတ်တော်ကိုယ်စားလှယ် ၇၃၉ ဦးအထိ ပထမနေရာ ရထားတဲ့အတွက် မဲခွဲဆုံးဖြတ်တဲ့အခါ သဘောတူပြီးသား ဖြစ်မယ့် အခြေအနေပါ။

ဒီအတွက် လွှတ်တော်ကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကိုပါ နိုင်ငံတော်သမ္မတက အပြည့်အဝ ဆုပ်ကိုင်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်တယ်လို့ ဦးကြီးမြင့်က ထောက်ပြပါတယ်။

ဥပဒေအရ ပြည်‌ထောင်စုအစိုးရအဖွဲ့ဟာ ကောင်စီဝင်တွေရဲ့ လစဉ်ချီးမြင့်ငွေ၊ စရိတ်၊ အဆောင်အ ယောင်နဲ့ ခံစားခွင့်တွေကို သတ်မှတ်‌ပေးရမှာဖြစ်ပြီး ကောင်စီရဲ့ သက်တမ်းဟာ သမ္မတရဲ့ သက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြဌာန်းထားတာပါ။

ဒါ့အပြင် ကောင်စီရဲ့ ရုံးလုပ်ငန်းတွေအတွက် သမ္မတရုံးက စီစဉ်ပေးရမှာဖြစ်ပြီး ဥပဒေပါ ပြဌာန်း ချက်တွေကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ နည်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနဲ့ ညွန်ကြားချက်တွေကို ထုတ်ပြန်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.