နေပြည်တော်၊ ဖေဖော်ဝါရီ ၄
ရုရှားနဲ့ မြန်မာတို့ ၅ နှစ်ကြာ စစ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၃ ရက်မှာ ဖော်ပြပါတယ်။
စစ်ခေါင်းဆောင်တွေ အာဏာဖမ်းဆုပ်ထားမှုအတွက် အရေးပါတဲ့ မဟာမိတ် နိုင်ငံတစ်ခုကို အခုလို စာချုပ်ချုပ်ဆိုလိုက်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

စစ်တပ်ဟာ ဆက်လက် ရှင်သန်နိုင်ရေး လက်နက် အထောက်အပံ့တွေ ရရှိဖို့ ရုရှားနဲ့ အိမ်နီးချင်း တရုတ် နှစ်နိုင်ငံစလုံးကို အားကိုးနေရပါတယ်။
ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီ ရှိုဂူး ဖေဖော်ဝါရီ ၂ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် စစ်ဖက်ဆိုင်ရာ သဘောတူစာချုပ် အသစ် လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သဘောတူညီမှုဟာ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို ကာကွယ်ရေး၊ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ လုံခြုံရေး အားကောင်းလာစေရေး စစ်ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက အပြည့်အဝ ထောက်ခံကြောင်း ရှိုဂူးက စစ်တပ် အရာရှိတွေကို ပြောကြားခဲ့တယ်လို့ TASS သတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ နယ်ပယ်မှာ အပါအဝင် မော်စကိုအစိုးရရဲ့ ပြီးပြည့်စုံတဲ့ ကူညီထောက်ပံ့မှုကို ရာနှုန်းပြည့် အားကိုးလို့ရတယ်လို့ ရှိုဂူးက စစ်တပ်အရာရှိတွေကို ပြောကြားခဲ့တာပါ။
အဲဒီ သဘောတူညီမှုဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားပိုကောင်းလာစေဖို့ ဖြစ်တယ်လို့ မြန်မာ စစ်တပ်ပိုင် မီဒီယာက ဖော်ပြထားပေမယ့် အဲဒီသဘောတူညီမှုပါ အသေးစိတ် အချက်အလက် အနည်းငယ်ကိုပဲ ဖော်ပြထားပါတယ်။
ရှိုဂူးဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ပထမဆုံးလာရောက်တဲ့ အဆင့်အမြင့်ဆုံး ပြည်ပ အရာရှိ ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းထားတာ ၅ နှစ်ကြာပြီး ပြည်တွင်းစစ်နဲ့ ကြုံနေချိန်မှာ စစ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲ ကျင်းပထားပြီး သူတို့ကိုယ်စား ကြံ့ခိုင်ရေး ပါတီက အနိုင်ရထားပါတယ်။
ဒါပေမဲ့ အရေးပါတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထားပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားရာ ဒေသတွေမှာ မကျင်းပနိုင်ခဲ့တဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချထားပါတယ်။
မတ်လအတွင်း လွှတ်တော် ခေါ်ယူမယ်လို့ စစ်ခေါင်းဆောင်တွေက ပြောဆိုထားချိန်မှာ စစ်ခေါင်းဆောင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အရပ်ဝတ်နဲ့သူတို့ အာဏာ ဖမ်းဆုပ်ထားမှု ကြာရှည် အောင်လုပ်ဆောင်တဲ့ ဟန်ပြ ရွေးကောက်ပွဲ ဖြစ်တယ်လို့ နိုင်ငံတကာက ရှုတ်ချထားပါတယ်။
မြေပြင် တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်တွေကို အနိုင်မရနိုင်တဲ့ စစ်တပ်ဟာ တရုတ်၊ရုရှားတို့ ထောက်ပံ့ပေးထားတဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
လေယာဉ်ဆီကိုတော့ မကြာသေးခင်က အီရန်နိုင်ငံက တိတ်တဆိတ် ထောက်ပံ့ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Ref:AFP

