ဘားအံ၊ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ကစလို့ စစ်ကော်မရှင်လက်အောက်ခံအဖွဲ့တွေက လိုင်စင်မဲ့ယာဉ် ဖမ်းဆီးသိမ်းဆည်းမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
ဘားအံမြို့က နယ်စပ်ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ဘားအံ-လှိုင်းဘွဲလမ်းနဲ့ ဘားအံ-ကျုံဒိုး-ကော့ကရိတ်လမ်းတွေက နေရာတချို့မှာ သွားလာနေကြတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်း ဆီးသိမ်းဆည်းမှုတွေ ပြန်လည်လုပ်ဆောင်နေတာပါ။
ဖေဖော်ဝါရီ ၃ ရက်နေ့ တစ်ရက်ထဲမှာပဲ လိုင်စင်မဲ့ယာဉ် ကားအစီးရေ ၃၀ ထက်မနည်း သိမ်းဆည်းရရှိခဲ့ပြီး ကရင်လက်နက်ကိုင်အဖွဲ့အစည်း ထောက်ခံချက်လက်မှတ်ပါတဲ့ ကားတွေကိုပါ ဖမ်းဆီးသိမ်းဆည်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါပေမဲ့ ကရင်နယ်ခြားစောင့်တပ် BGF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် ခွဲထွက် DKBA အဖွဲ့တို့ရဲ့ လိုင်စင်မဲ့ကားတွေကို စစ်ကော်မရှင်က ဖမ်းဆီးတာမျိုးမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဘားအံမှာ စစ်ကော်မရှင်လက်အောက်ခံအဖွဲ့တွေက လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုမှာ ကားတွေကို သိမ်း ဆည်းလိုက်ပေမယ့် လူကိုတော့ ဖမ်းဆီးအရေးယူတာမျိုး မရှိပေမယ့် ဘယ်အဖွဲ့အစည်းက ကားပါဆိုပြီး စောဒကတက်ပါက လူကိုပါ ဖမ်းဆီးသွားမယ့်အပြင် ဘယ်အဖွဲ့အစည်းရဲ့ ထောက်ခံချက်နဲ့ လိုင်စင်ကားတွေကို ပြန်ရွေးယူလို့ မရဘူးလို့ သိရပါတယ်။
လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းခိုင်းတာဟာ နေပြည်တော်က စစ်ကော်မရှင်ထိပ်ပိုင်းခေါင်းဆောင် တွေရဲ့ အမိန့်နဲ့ ဖမ်းခိုင်းတာဖြစ်ပြီး လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရေးစီမံချက်ဟာ ဖေဖော် ဝါရီလကနေ လာမယ့် မတ်လကျော်အထိ ဖြစ်တယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ကော်မရှင်အဖွဲ့က ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ယာဉ်တွေကို ထပ်မံဖမ်းဆီးသိမ်းဆည်းနေတာကြောင့် လိုင်စင်မဲ့ယာဉ်ကို အသုံးပြုနေရပြီး လူမှုရေး ပညာရေး ကျန်းမာရေး စီးပွားရေး စတာတွေမှာ သွားလာလှုပ်ရှာအသုံးပြုနေရတဲ့ ဒေသခံအတွက် အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

