ပုလော ဖေဖော်ဝါရီ ၄

ပုလောမြို့နယ် မြိတ်–ထားဝယ် ကားလမ်းဘေးရှိ ဆင်ထိုးကြီးရွာ အရှေ့ကမ်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းက အသက် ၆၆ နှစ်အရွယ် ဒေါ်စိန်သန်းကြည်ဟာ နေအိမ်ခြံဝန်းအတွင်း မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ တခြားသူများနှင့်အတူ မရမ်းသီးခူးဖို့ ဝင်ရောက်ချိန် အပင်အောက်မှာ မိုင်းနင်းမိခဲ့ပြီး ခြေဖနောင့်အောက်ပိုင်း ပွင့်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း မိုင်းစထိမှန်ကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာပြင်းထန်ရရှိခဲ့သူ ဒေါ်စိန်သန်းကြည်ကို ပလောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ မိုင်းစထိမှန်ခဲ့တဲ့ မိန်းကလေးငယ်ကတော့ ဆေးရုံတင်ပို့ဖို့မလိုကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

ဆင်ထိုးကြီးရွာမှာ ယခင်ကလည်း မြေမြှုပ်မိုင်းနင်းမိမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး အရပ်သား သေဆုံးမှုတွေပါ ရှိခဲ့လို့ ဒေသခံတွေက ရွာအတွင်း မိုင်းရှင်းလင်းရေး အရေးပေါ် ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဆင်ထိုးကြီးရွာမှာ လူနေအိမ်ခြံဝန်းနဲ့ ဥယျာဉ်ခြံသွားရင်း မြေမြှုပ်မိုင်းနင်းမိသူ ၂၀ နီးပါးရှိလာပြီး အဲဒီအထဲက နှစ်ဦး သေဆုံးကာ ကိုယ်လက်အင်္ဂါထိခိုက်သူ မျာပြားခဲ့ကြောင်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.