ဘန်ကောက်၊ ဇန်ဝါရီ ၂၈

ထိုင်းနိုင်ငံမှာ နီပါ ဗိုင်းရပ်စ် ကူးစက်မှု မရှိသေးပေမယ့် နိုင်ငံတဝှမ်း ဆေးရုံတွေမှာ အဆင်သင့် ပြင်ဆင်ထားကြောင်း ထိုင်းကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

နီပါ ဗိုင်းရပ်စ် ကူးစက်ခံကြောင်း သံသယရှိသူ ဒါမှမဟုတ် ကူးစက်ကြောင်း အတည်ပြုထားတဲ့ လူနာတွေကို ကိုင်တွယ် ဖြေရှင်းရေး အားလုံး အဆင်သင့်ရှိကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဆေးရုံအားလုံး အဆင်သင့်ရှိမှု အားဖြည့်ထားဖို့ ညွှန်ကြားပြီး ဖြစ်ကြောင်း ဆေးဖက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူး ဒေါက်တာ နတ်တာပွန် ဝေါင်ဝီဝတ်က ဆိုပါတယ်။

ဆေးရုံတွေမှာ ဝန်ထမ်းအင်အား ဖြည့်တင်းတာ၊ ဆေးဝါးပစ္စည်း ဖြည့်တင်းတာ၊ ခွဲစိပ်ခန်းတွေ တိုးချဲ့တာ အပြင် ရောဂါ ခြေချုပ်ထားရှိရေး အခန်းတွေ၊ အိပ်ရာတွေလည်း အဆင်သင့် ပြင်ထားကြောင်း ထိုင်းကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အိန္ဒိယမှာ နီပါ ဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦးရှိကြောင်း အတည်ပြုထားပြီး သံသယရှိသူတွေကို ရောဂါခြေချုပ် ထိန်းသိမ်းထားချိန် ထိုင်းလေဆိပ်တွေမှာ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

ဇန်နဝါရီ ၂၉ ရက်က နီပါ ဗိုင်းရပ်စ် သံသယရှိသူတွေရဲ့ ဆီးနဲ့ဝမ်း စစ်ဆေးမှုတွေကိုလည်း ထိုင်း ဆေးရုံ တချို့မှာ ပြုလုပ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

၂၀၂၅ ဒီဇင်ဘာလ နောက်ပိုင်း နီပါ ဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦးတည်းပဲ ရှိကြောင်း ထိုင်းနိုင်ငံရှိ အိန္ဒိယသံရုံးက အတည်ပြုထားပါတယ်။

ရောဂါ ကူးစက်ခံထားရသူတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူ ၁၉၆ ဦး ရောဂါကူးစက်မှု မရှိကြောင်းလည်း အိန္ဒိယက အတည်ပြုထားပါတယ်။

ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်း နီပါ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သတိထား စောင့်ကြည့်နေချိန်မှာ ကပ်ရောဂါအသွင် ပျံ့နှံ့လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံရှိ နိုင်ငံတကာ လေဆိပ် သုံးခုမှာ ဇန်နဝါရီ ၂၆ ရက်အထိ ပြည်ပ ခရီးသွား ၁၇၀၀ ကျော်ကို နီပါ ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊မရှိ စစ်ဆေးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနဲ့ ဖူးခက် လေဆိပ်တွေမှာ စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ရေး ထိုင်းအရာရှိတွေက ညွှန်ကြားထားပါတယ်။

နီပါ ဗိုင်းရပ်စ်ဟာ လင်းနို့ကတဆင့် ကူးစက်တာ ဖြစ်ပြီး လူအချင်းချင်းလည်း ကူးစက်နိုင်တဲ့ ရောဂါ ပိုး ဖြစ်ပါတယ်။

သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း အထိ ရှိကြောင်း ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.