ပုလော၊ ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ် ၈၀ နီးပါးကို စစ်ကော်မရှင်တပ်က လာရောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်မှာ ပလမြို့ အမှတ် ၄ ရပ်ကွက်ရှိ ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်ရှိ နေအိမ်အများအပြားကို ပလမြို့မရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်မီးရှို့ဖျက်ဆီးခဲ့တာပါ။
ပလမြို့မရဲစခန်းရှေ့မှာ နေထိုင်တဲ့ အသက် ၄၀ နှစ်ဝန်းကျင်အရွယ် စစ်ကော်မရှင်ရဲ့ အကြီးစားထောက်တိုင် ကိုသားကြီးကို တော်လှန်ရေးအင်အားစုတွေက အဲဒီနေ့မှာပဲ ဖမ်းဆီးခဲ့တာကြောင့် စစ်ကော်မရှင်တပ်က အခုလို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဆားဖိုဆိပ်ရပ်ကွက်ရှိ တစ်ထပ်တိုက်အိမ်၊ နှစ်ထပ်တိုက်နဲ့ အိမ်ကြီးအိမ်ကောင်းတွေ အပါအဝင် နေအိမ် ၇၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုး သားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လာရောက်မီးငြိမ်းသတ်ပေးခဲ့တာကြောင့် ညနေပိုင်းမှာပဲ မီးငြိမ်းသွားခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကော်မရှင်တပ်က တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးထားတဲ့ ကိုသားကြီးဆိုသူကို ပြန်မလွှတ်ပေးရင် ပလမြို့တစ်မြို့လုံးကို မီးလောင်တိုက်သွင်းမယ်လို့ ခြိမ်း ခြောက်ပြောဆိုထားတယ်လို့ ဆိုပါတယ်။
ပလမြို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကြား မြို့သိမ်းတိုက်ပွဲအပြင် နှစ်ဖက်စစ်ရေး တင်မားမှုတွေကြောင့် မြို့ခံအများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာ မြို့စွန်မြို့ဖျားနဲ့ ရပ်ကွက်တွေမှာ ဒေသခံတချို့သာ နေ ထိုင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ် သားပြည်သူ နေအိမ် ၇၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

