ဝါရှင်တန်၊ ဇန်နဝါရီ ၂၆
အမေရိကန်မှာ ဆောင်းမုန်တိုင်းတွေကြောင့် လူပေါင်း ၁ သိန်းလောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး ပြည်နယ်ပေါင်း ၂၄ ခုမှာ အရေးပေါ် ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။
ပြင်းထန်တဲ့ ဆောင်းရာသီ မုန်တိုင်းကြောင့် နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ဆီးနှင်းနဲ့ ရေခဲတွေ ထူထဲစွာ ကျရောက်နေပြီး ဇန်နဝါရီ ၂၅ ရက်က လေကြောင်း ခရီးစဉ် ၁၀၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ဇန်နဝါရီ ၂၅ ရက်က နိုင်ငံအရှေ့ပိုင်း ဒေသ သုံးပုံနှစ်ပုံမှာ ဆီးနှင်းတွေ ကျဆင်းနေသလို မိုးရွာပြီး အန္တရာယ်ရှိနိုင်တဲ့အထိ အပူချိန် လျော့ကျမှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ရာ ဒေသ အရေအတွက် ဆက်လက် များပြားလာနေပါတယ်။
တန်နက်ဆီ၊ မစ္စစ္စပီ၊ တက္ကဆက်၊ လူဝီစီယားနားနဲ့ တခြား ပြည်နယ်တွေရဲ့ ဒေသအချို့မှာ လျှပ်စစ်ဓာတ် အားပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ကန်တက်ကီ၊ ဂျော်ဂျီယာ၊ ဗာဂျီးနီးယားနဲ့ အယ်လာဘားမား ပြည်နယ်တို့မှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု တချို့ ရှိနေပါတယ်။

ဇန်နဝါရီ ၂၅ ရက် ပြေးဆွဲဖို့ စီစဉ်ထားတဲ့ လေကြောင်း ခရီးစဉ် ၁၀၂၀၀ ကို ဖျက်သိမ်းခဲ့ရပြီး ဇန်နဝါရီ ၂၄ ရက်က ဖျက်သိမ်းခဲ့ရတဲ့ လေကြောင်း ခရီးစဉ် ၄၀၀၀ ကျော် ရှိခဲ့ပါတယ်။
ဇန်နဝါရီ ၂၅ ရက်က လေကြောင်းခရီးစဉ် အားလုံးကို ဖျက်သိမ်းခဲ့ရကြောင်း ဝါရှင်တန် ဒီစီရှိ ရော်နယ် ရေဂန် အမျိုးသားလေဆိပ်က ပြောပါတယ်။
ပြင်းထန်တဲ့ ဆောင်းရာသီ မုန်တိုင်းနဲ့ ရင်ဆိုင်နေရချိန် ပြည်နယ် ၂၄ ခုမှာ အရေးပေါ် ကြေညာချက်တွေ တင်ကြို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
“ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်သွားမှာပါ။ ဒီမုန်တိုင်း လမ်းကြောင်းမှာ ရှိတဲ့ ပြည်နယ် အားလုံးနဲ့ အဆက်အသွယ် မပြတ် ရှိနေမှာပါ။ အန္တရာယ်ကင်းအောင် နေကြပါ။ နွေးနွေးထွေးထွေး နေကြပါ” လို့ သမ္မတ ဒေါ်နယ် ထရန့်က လူမှုမီဒီယာမှာ ရေးသားထားပါတယ်။
ပြည်နယ် ၁၇ ခုနဲ့ ကိုလမ်ဘီယာဒေသတို့မှာ ရာသီဥတု အရေးပေါ် အခြေအနေ ကြေညာထားကြောင်း အမေရိကန် အမိမြေ လုံခြုံရေး ဌာနက ပြောပါတယ်။
အမေရိကန် နိုင်ငံသားတွေ ကြိုတင် သတိထားပြီး နေထိုင်သွားလာကြဖို့လည်း အဲဒီဌာန ဝန်ကြီး ခရစ္စတီ နိုအမ်က သတိပေးထားပါတယ်။
အလွန့်အလွန် အေးမှာ ဖြစ်တဲ့အတွက် လောင်စာနဲ့ စားစရာတွေ ဖြည့်တင်းထားကြဖို့ သူက တိုက်တွန်းပြီး မိမိတို့ အတူတူ ကြိုးစား ဖြတ်ကျော်ကြမယ်လို့ သူက ပြောကြားထားပါတယ်။
တချို့ဒေသတွေမှာ ဆီးနှင်းကျဆင်းမှု များလွန်းတာကြောင့် လမ်းမတွေမှာ ရေခဲတွေ ဖုံးအုပ်နေပြီးမော်တော်ယာဉ်တွေ မောင်းနှင်သွားလာလို့ မရ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
Ref:Reuters

