ကာရာကတ်စ် ဇန်နဝါရီ ၂၆

အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် ဗင်နီဇွဲလားက နိုင်ငံရေးအကျဉ်းသား ၈၀ ထက်မနည်း ပြန်လွှတ်ပေးလိုက်ကြောင်း ထိပ်တန်း ဗင်နီဇွဲလား လူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။

ဇန်နဝါရီ ၂၄ ရက်မှာ နိုင်ငံတဝှမ်း အကျဉ်းထောင်တွေကနေ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိမိတို့အဖွဲ့က ဘယ်သူဘယ်ဝါတွေ ဖြစ်ကြောင်း စစ်ဆေး အတည်ပြုထားကြောင်းနဲ့ နောက်ထပ် လွှတ်ပေးဖို့ ရှိသေးကြောင်း Foro Penal အဖွဲ့ အကြီးအကဲ အယ်ဖရက်ဒို ရိုမီယိုက ပြောပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဝင်ရောက် ဖမ်းဆီးပြီးနောက်ပိုင်း ဒါဟာ ဗင်နီဇွဲလားက နောက်ဆုံးအသုတ် လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။

မာဒူရိုကို နယူးယောက်သို့ ခေါ်ဆောင်လာပြီးနောက် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု စွဲချက်တွေနဲ့ အခုလ စောစောပိုင်းက ရုံးတင် စစ်ဆေးခဲ့ပါတယ်။

အကျဉ်းသား ၆၀၀ ကျော်ကို ပြန်လွှတ်ပေးပြီး ဖြစ်ကြောင်း ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်က ဇန်နဝါရီ ၂၃ ရက်မှာ ပြောပေမယ့် Foro Penal လူ့အခွင့်အရေးအဖွဲ့ကတော့ ဒါဟာ ပိုပြီး ပြောဆိုတဲ့ အရေအတွက် ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၈၀ ဦးထက်မနည်း ပြန်လွတ်လာကြောင်းကို ရိုမီယိုက လူမှုမီဒီယာမှာ ကြေညာထားပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ၂၀၂၄ သြဂုတ်လကတည်းက မြို့တော် ကာရာကတ်စ် အနောက်ဖက်ရှိ တိုကော်ရွမ် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ Foro Pena lအဖွဲ့ဝင် ကနေဒီ တီဂျီဒါလည်း ပါဝင်ပါတယ်။

ပြန်လွှတ်ပေးသူ အရေအတွက် ၈၀ ထက်ကျော်နိုင်ပြီး မိမိတို့ အတည်ပြုဆဲ ဖြစ်ကြောင်း Foro Penal အဖွဲ့မှ ဂွန်ဇာလို ဟီမီယော့က လူမှုမီဒီယာမှာ ရေးပါတယ်။

မကြာသေးခင် သီတင်းပတ်တွေက ပြန်လွှတ်ပေးလိုက်သူတွေကို သူတို့အပေါ် စွဲတင်ထားတဲ့ စွဲချက်တွေ မပယ်ဖျက်ရသေးဘူးလို့ Foro Penal အဖွဲ့က အရင်က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ပြန်လွတ်လာသူတွေဟာ ဥပဒေအရ မသေချာတဲ့ အခြေအနေကြုံနေပြီး အများပြည်သူနဲ့ စကားပြောခွင့် တားမြစ်ခံထားရတယ်လို့ အဲဒီ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်မလာခင် ဇန်နဝါရီ ၈ ရက် နောက်ပိုင်း ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅၆ ဦးပဲ ရှိသေးတယ်လို့ Foro Penal အဖွဲ့က အတည်ပြုထားပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ပြည်တွင်း အတိုက်အခံပုဂ္ဂိုလ် တချို့နဲ့ စပိန်နိုင်ငံသား ၅ ဦး ထက်မနည်း ပါဝင်ကြောင်း အတည်ပြုထားတာပါ။

ပြန်လွတ်လာသူတွေကို ကုလသမဂ္ဂက အတည်ပြုပေးရေး လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး ဗိုလ်တာ တက်စ်နဲ့ ဇန်နဝါရီ ၂၆ ရက်မှာ ဖုန်းနဲ့ ဆက်သွယ်ဖို့ ရှိကြောင်း ဗင်နီဇွဲလား ယာယီ သမ္မတက ပြောပါတယ်။

ဝေဖန်သူတွေကို နှုတ်ပိတ်ဖို့ ဗင်နီဇွဲလားအစိုးရက ဖမ်းဆီးထိန်းသိမ်းတဲ့ နည်းလမ်းကို အသုံးချနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲထားတာ ကြာပြီ ဖြစ်ပါတယ်။

ဗင်နီဇွဲလား အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထားတာ မရှိဘူးလို့ ငြင်းပယ်ထားပြီး ဖမ်းဆီးထားသူတွေဟာ ရာဇဝတ်မှုဆိုင်ရာ အပြုအမူတွေကြောင့် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ပြောထားပါတယ်။

၂၀၂၄ သမ္မတ ရွေးကောက်ပွဲ အပြီးမှာ လူတော်တော်များများ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ မာဒူရိုက သူအနိုင်ရတယ်လို့ ပြောကြားခဲ့ပေမယ့် ရလဒ်ကို အတိုက်အခံတွေနဲ့ နိုင်ငံ အများက စောဒက တက်ခဲ့ကြပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.