မနီလာ၊ ဇန်နဝါရီ ၂၂

စစ်တပ် အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက အရေးပါတဲ့ နိုင်ငံရေးအစုအဖွဲ့တွေကို လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်က လက်ခံတွေ့ဆုံခဲ့ကြောင်း အရာရှိတွေက ဇန်နဝါရီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။

ဒါက အာဆီယံရဲ့ ကာလကြာရှည် ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး အစီအစဉ် ရှေ့တိုး ဆောင်ရွက်နိုင်ရေး ကြိုးပမ်းမှု ဖြစ်တယ်လို့ ဖိလစ်ပိုင်အရာရှိတွေက ဆိုပါတယ်။

တာဂေတေးမြို့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ သက်ဆိုင်ရာ အစုအဖွဲ့တွေ့ဆုံမှုအတွင်းမှာ တင်းမာမှု အရှိန် လျှော့ချရေး၊ အကူအညီ ပေးပို့မှု နေရာချထားရေးနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဖော်ဆောင်ရေးတို့ ပါဝင်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး သရီဆာ လာဇာရိုက ပြောပါတယ်။

သူဟာ မြန်မာ့ ပြဿနာအတွက် အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၆ ခုနှစ်မှာ စတင် တာဝန်ယူထားသူ ဖြစ်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ရာမှာ တက်တက်ကြွကြွနဲ့ အပြုသဘောဆောင်တဲ့ ဘုံသဘောထား အမြင်တွေနဲ့ ပတ်သက်လို့ တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဝန်ကြီး မစ္စစ် လာဇာရိုက ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ မြန်မာ စစ်ခေါင်းဆောင်နဲ့ အာဆီယံကြား သဘောတူညီခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ရည်ညွှန်းပြီး သူက လူမှုမီဒီယာပေါ်မှာ အခုလိုမျိုး ရေးသားထားတာ ဖြစ်ပါတယ်။

ဇန်နဝါရီ လဆန်းပိုင်းက နေပြည်တော်သို့ သွားရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အခုလို ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မင်းအောင်လှိုင်နဲ့ မစ္စစ် လာဇာရိုတို့ ဆွေးနွေးမှုဟာ နွေးထွေးပြီး အပြုသဘောဆောင်တဲ့ သဘောထားတွေ အပြန်အလှန် လဲလှယ်ခဲ့ကြတာ ဖြစ်တယ်လို့ မနီလာ အစိုးရက ပြောထားပါတယ်။

အခု သီတင်းပတ် ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုအတွင်း စစ်ကော်မရှင် ကိုယ်စားပြု တက်ရောက်ခဲ့သူတွေ မရှိကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက အတည်ပြုထားပြီး တက်ရောက်ခဲ့တဲ့ အဖွဲ့ အမည်တွေကို ဖော်ပြဖို့တော့ ငြင်းဆိုထားပါတယ်။

အရေးပါတဲ့ နိုင်ငံရေးဆိုင်ရာ အစုအဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်လို့ပဲ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

မြန်မာ စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူဆီ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိ စစ်ခေါင်းဆောင်တွေ ကျင်းပနေတဲ့ ရွေးကောက်ပွဲအတွက် အာဆီယံက လေ့လာစောင့်ကြည့်သူတွေ စေလွှတ်မှု မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် အာဆီယံ ဥက္ကဋ္ဌ မလေးရှားကတော့ အာဆီယံအနေနဲ့ မြန်မာ ရွေးကောက်ပွဲကို အသိအမှတ် ပြုမှာ မဟုတ်ကြောင်း ပြောထားပါတယ်။

အခုသီတင်းပတ် ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ အဲဒီ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ချင်းအမျိုးသား တပ်ဦး CNFက အတည်ပြုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.