ရီးယာ့ဒ်၊ ဇန်နဝါရီ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ မိမိတို့ ပါဝင်သွားမှာ ဖြစ်ကြောင်း ဆော်ဒီအာရေးဗီးယား၊ တူရကီနဲ့ အီဂျစ်အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံက သူတို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
အစ္စရေးကတော့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်မှာ ဖြစ်ကြောင်းကို စောစောပိုင်းကတည်းက လူသိရှင်ကြား ပြောဆိုထားပါတယ်။

ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းမှာ ထရန့်က ဗလာဒီမာ ပူတင်လည်း ပါဝင်မယ်လို့ သဘောတူထားကြောင်း ပြောဆိုခဲ့ပေမယ့် ရုရှားအနေနဲ့ ဖိတ်ခေါ်ထားမှုနဲ့ပတ်သက်လို့ လေ့လာနေဆဲပဲလို့ တုံ့ပြန်ထားပါတယ်။
အဲဒီ ဘုတ်အဖွဲ့ရဲ့ မူလ ရည်ရွယ်ချက်ဟာ ဂါဇာမှာ ဟားမာ့စ်နဲ့ အစ္စရေးကြား စစ်ပွဲ အဆုံးသတ်စေရေးနဲ့ ပြန်လည် တည်ဆောက်ရေး ကူညီဖို့ ဖြစ်တယ်လို့ ထင်မှတ်ရပါတယ်။
ဒါပေမဲ့ အဆိုပြုထားတဲ့ သဘောတူညီမှုမှာ ပါလက်စတိုင်း နယ်မြေကို ထည့်သွင်း ပြောဆိုထားတာ မတွေ့ရဘဲ ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေကို ဝင်ရောက်တာဝန်ယူဖို့ ရည်ရွယ်ထားပုံရပါတယ်။

ဒါပေမဲ့ မွတ်စလင် အများစု နိုင်ငံတွေ ဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား၊ တူရကီ၊ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နဲ့ကာတာတို့ ပါဝင်တဲ့ ၇ နိုင်ငံ အုပ်စုက ဂါဇာမှာ အမြဲတမ်း အပစ်ရပ်ရေး သေချာစေဖို့ ရည်ရွယ်ချက်ကို လက်ခံထားတယ်လို့ ဆော်ဒီအာရေးဗီးယားက ပြောပါတယ်။
ပြန်လည် တည်ဆောက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေဖို့ ရှေ့တိုး ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့လည်း အဲဒီ ၇ နိုင်ငံက ပြောထားပါတယ်။
ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ထရန့်က ရုရှား သမ္မတ ပူတင်လည်း ပါဝင်ဖို့ သဘောတူထားတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ သဘောတူထားတဲ့ နိုင်ငံတွေ အများကြီး ရှိတယ်လို့လည်း ထရန့်က ပြောပါတယ်။
ဒါပေမဲ့ ပူတင်က ချက်ချင်းဆိုသလို တုံ့ပြန်ပြီး စဉ်းစားနေဆဲ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
အဲဒီဘုတ်အဖွဲ့ဟာ အရှေ့အလယ်ပိုင်း ဒေသအတွက် အခြေခံကျကျ သင့်တော်မှု ရှိတယ်လို့ မိမိအနေနဲ့ ရှုမြင်တာကြောင့် အမေရိကန် သိမ်းဆည်းထားတဲ့ ရုရှား ပိုင်ဆိုင်မှုထဲက ဘုတ်အဖွဲ့ဝင်ကြေး ဒေါ်လာ ၁ ဘီလီယံ ပေးဆောင်ဖို့ ပြင်ဆင်ထားကြောင်း ပြောပါတယ်။
အဲဒီ အဖွဲ့သစ်မှာ ပါဝင်ဖို့ ဖိတ်ထားတဲ့ နိုင်ငံ ဘယ်နိုင်ငံရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ကနေဒါနဲ့ ဗြိတိန် ဖိတ်ခေါ်ခံထားရပါတယ်။
ဒါပေမဲ့ ကနေဒါနဲ့ ဗြိတိန်တို့က လူသိရှင်ကြား မတုံ့ပြန်သေးပါဘူး။
ယူအေအီး၊ ဘာရိန်း၊ အယ်လ်ဘေးနီးယား၊ အာဘေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘီလာရု့ဇ်၊ ဟန်ဂေရီ၊ ကာဇက်စတန်၊ မော်ရိုကိုနဲ့ ဗီယက်နမ်တို့ ပါဝင်မယ်လို့ စာရင်းပေးထားပြီ ဖြစ်ပါတယ်။
ဗာတီကန်နန်းတော် အကြီးအကဲ ပုပ်ရဟန်းမင်းကြီးလည်း ပါဝင်ဖို့ ဖိတ်ခေါ်ခံထားရကြောင်း ဇန်နဝါရီ ၂၁ ရက်မှာ အတည်ပြုထားပါတယ်။
Ref:BBC

