ပါရီ၊ ဇန်ဝါရီ ၂၂

ဒီဇင်ဘာလ နှောင်းပိုင်းက ပထမဆုံး စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သတ်ဖြတ်ခံရသူ ၃၁၁၇ ဦး ရှိကြောင်း အီရန် အစိုးရရဲ့ တရားဝင် မီဒီယာက ဇန်နဝါရီ ၂၁ ရက်မှာ ဖော်ပြလိုက်ပါတယ်။

အီရန် လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြပွဲတွေကို အင်အားသုံး နှိမ်နှင်းခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောထားပါတယ်။

အီရန် စစ်ပြန်တွေနဲ့ အာဇာနည်များဆိုင်ရာ ဖောင်ဒေးရှင်းရဲ့ အစိုးရပိုင် ရုပ်သံလိုင်းကို ကိုးကားထားတဲ့ ကြေညာချက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပါအဝင် သေဆုံးသူ ၂၄၂၇ ဦးဟာ အစ္စလာမ်ဘာသာအရ အာဇာနည်တွေလို့ မှတ်ယူထားပြီး သူတို့ဟာ အပြစ်မရှိဘဲ သေဆုံးသူတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဘာသာရေး အာဏာပိုင်တွေက ဆန္ဒပြပွဲတွေဟာ အမေရိကန်က လောင်စာ ထည့်ပေးခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေကြောင့် ဖြစ်ပွားတဲ့ အကြမ်းဖက်မှု ဖြစ်တယ်ဆိုပြီး ဆန္ဒပြပွဲကို ပြစ်တင် ရှုတ်ချထားပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အမေရိကန်က မိမိတို့ကို တိုက်ခိုက်လာရင် မိမိတို့မှာ ရှိတဲ့ နေရောတိုင်းကနေ ပြန်လည် ပစ်ခတ် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တိုက်ရိုက် ပစ်သတ်ခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောထားပါတယ်။

နော်ဝေး အခြေစိုက် အီရန် လူ့အခွင့်အရေးအဖွဲ့(IHR) NGO က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ ဆန္ဒပြသူ ၃၄၂၈ ဦးကို အတည်ပြုထားကြောင်း ပြောပါတယ်။

ဒါပေမဲ့ ဒီအရေအတွက်ဟာ သေဆုံးသူ အနည်းစုလောက်ကိုပဲ ကိုယ်စားပြုတာ ဖြစ်လောက်တယ်လို့ ပြောထားပါတယ်။

ဆန္ဒပြသူ ၅၀၀၀ ကနေ ၂၀၀၀၀ ကြား သေဆုံးခဲ့ဖွယ်ရှိကြောင်း ခန့်မှန်းဖော်ပြမှု တချို့မှာ တွေ့ရတယ်လို့လည်း (IHR) NGO က ဆိုပါတယ်။

ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် အာဏာပိုင်တွေက အသုဘ အခမ်းအနား ကျင်းပခဲ့တာ တွေ့ရပါတယ်။

တီဟီရန်မှာ ငွေတန်ဖိုး လျော့ကျမှုကြောင့် ဆန္ဒပြပွဲတွေ စတင်လာခဲ့ပြီးနောက် နိုင်ငံတဝှမ်း အစိုး ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ပိုမို ကျယ်ပြန့် ပြင်းထန်လာချိန် အစိုးရက အင်တာနက်လိုင်းတွေကိုလည်း ပိတ်ထားခဲ့ပြီး အခုအခါ နာရီ ၃၀၀ ကျော် ကြာမြင့်လာပြီ ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ကမ္ဘာကြီးက စောင့်ကြည့်နေပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးပမ်းမှုတွေ ရှိနေကြောင်းလည်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ပြန်များနဲ့ အာဇာနည်များဆိုင်ရာ ဖောင်ဒေးရှင်းက ဖော်ပြရာမှာ အာဇာနည်တွေ အများကြီးဟာ ဆန္ဒပြပွဲတွေအတွင်း ဘေးက ရပ်ကြည့်နေသူတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဆန္ဒပြသူ တချို့ဟာ လူအုပ်ထဲမှာ ရှိနေတဲ့ အကြမ်းဖက်သမားတွေ ပစ်သတ်လို့ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့လည်း အဲဒီ ဖောင်ဒေးရှင်းက ပြောထားပါတယ်။

ဒါပေမဲ့ သက်သေ အထောက်အထား ဒါမှမဟုတ် အသေးစိတ်ကို ဖော်ပြထားတာတော့ မတွေ့ရပါဘူး။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အဆောက်အဦ ခေါင်မိုးတွေပေါ်ကနေ ဆန္ဒပြသူတွေကို တမင်တကာ ပစ်မှတ်ထား ပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူတွေကို မျက်စေ့နေရာတွေကို ပစ်ခတ်ဖို့ကြိုးပမ်းခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေက ပြောထားပါတယ်။

Source: Agencies/fs

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.