ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၀
အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်တဲ့ အာဆီယံက မြန်မာနိုင်ငံမှာ လက်ရှိ ကျင်းပနေတဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုသလို လေ့လာစောင့်ကြည့်သူတွေ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဇန်နဝါရီ ၂၀ မှာ ပြောလိုက်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က စစ်ခေါင်းဆောင်တွေ စတင် ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ သူတို့ကိုယ်စား နိုင်ငံရေးပါတီကို အသုံးချပြီး စစ်တပ်အုပ်ချုပ်မှု သက်တမ်းတိုးဖို့ ကြံစည်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။

အဲဒီလို ပြောဆိုမှုတွေကို စစ်ခေါင်းဆောင်တွေက ပယ်ချထားပြီး အရပ်သား အစိုးရဆီ အာဏာပြန်ပေးရေးအတွက် ရွေးကောက်ပွဲ ကျင်းပပေးနေတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲ နှစ်ကျော့ ကျင်းပပြီးချိန်မှာ မဲပေးသူ သိသိသာသာ နည်းပါးနေတာ တွေ့ရပြီး စစ်တပ် ကိုယ်စားပြု ကြံ့ခိုင်ရေးပါတီက အမတ်နေရာ အများစု အနိုင်ရထားပါတယ်။
ပထမအဆင့် ရွေးကောက်ပွဲပြီးနောက် ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီက အောက်လွှတ်တော် အမတ်နေရာ ၈၈ ရာခိုင်နှုန်း အနိုင်ရထားတယ်လို့ သိရပါတယ်။

မလေးရှားလွှတ်တော်သို့ ပြောကြားရာမှာ ဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ပေးဖို့ တောင်းဆိုချက်ကို အာဆီယံက ပယ်ချခဲ့တယ်လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်က ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ အာဆီယံ ခေါင်းဆောင်များ နှစ်စဉ် ညီလာခံမှာ အခုလိုမျိုး ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အဖွဲ့ဝင် တချို့ကတော့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ဖို့ သူတို့ သဘောနဲ့ သူတို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ဝန်ကြီး ဟာဆန်က ပြောပါတယ်။
စစ်ခေါင်းဆောင်တွေ ကျင်းပတဲ့ မြန်မာ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်ပြုပေးမှာ မဟုတ်ဘူးလို့ သူက မြန်မာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မလေးရှားနဲ့ အာဆီယံရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး လွှတ်တော်အမတ် တစ်ဦးရဲ့ မေးမြန်းမှုကို တုံ့ပြန် ဖြေကြားသွားပါတယ်။
မြန်မာ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့် နိုင်ငံတကာ အစိုးရ အဖွဲ့တွေအနေနဲ့ အသိအမှတ် မပြုကြဖို့ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူးကလည်း တိုက်တွန်းထားပါတယ်။
နိုင်ငံတဝှမ်း ပြည်တွင်းစစ် ဖြစ်နေပြီး နိုင်ငံ့နယ်မြေ ထက်ဝက်လောက်ကိုတောင် မထိန်းချုပ်ထားနိုင်တော့တဲ့ အခြေအနေမှာ ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပြီး အားလုံး ကြိုတွေးထားတဲ့အတိုင်း စစ်တပ် ကိုယ်စား ကြံ့ခိုင်ရေးပါတီက ကြီးကြီးမားမား အနိုင်ရနေတာ ဖြစ်ပါတယ်။
Ref:Thestraittimes

