ဝါရှင်တန်၊ ဇန်နဝါရီ ၁၉
အမေရိကန်ဟာ ပြစ်ဒဏ်ကင်းလွတ်မှုနဲ့အတူ လုပ်ဆောင်နေပြီး နိုင်ငံတကာ ဥပဒေတွေထက် သူတို့ရဲ့ အင်အားအာဏာကို ပိုမိုယုံကြည်နေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောလိုက်ပါတယ်။
အမေရိကန်အစိုးရရဲ့ ရှင်းလင်းတဲ့ ဥပဒေချိုးဖောက်မှုက နိုင်ငံစုံ ဖြေရှင်းမှု ကျိုးကြောင်း ဆီလျော်မှု မရှိဘူးဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ပြောတာပါ။

အမေရိကန်ရဲ့ အင်အားအာဏာနဲ့ သြဇာ လွှမ်းမိုးမှုကို အသုံးချနေတာက ပြဿနာရှိပြီး တစ်ခါတလေမှာ နိုင်ငံတကာ ဥပဒေတွေကို လေးစားဖို့ လိုအပ်ကြောင်း ကုလ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သမ္မတကို ဖမ်းဆီးပြီးနောက် သီတင်းပတ်ပိုင်းအကြာမှာ သူက အခုလိုမျိုး ပြောကြားလာတာပါ။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဂရင်းလန်းကို သိမ်းယူမယ်လို့လည်း အကြိမ်ကြိမ် ပြောဆိုထား ပြီး ဥရောပ အင်အားနည်းနေတာကြောင့် သိမ်းယူဖို့ လိုအပ်တာ ဖြစ်တယ်လို့ ပြောထားပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေရဲ့ တန်းတူညီမျှမှု အပါအဝင် ကုလသမဂ္ဂ တည်ထောင်မှု အခြေခံမူတွေ အန္တရာယ် ကျရောက်မှု မရှိဘူးလို့ ယုံကြည်ကြောင်းလည်း ဂူတာရက်ဇ်က ပြောပါတယ်။
သမ္မတ ထရန့်က ကုလသမဂ္ဂကို ဝေဖန်ပြီး ရန်ပုံငွေ ထောက်ပံ့မှုတွေကိုလည်း လျှော့ချထားပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထရန့်က အထွေထွေညီလာခံဟာ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲ ၇ ပွဲ အဆုံးသတ်စေဖို့ မိမိရဲ့ ကြိုးပမ်းမှုမှာ ဘယ်လိုမှ ကူညီပေးတာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ ပဋိညာဉ်မှာ သတ်မှတ်ဖော်ပြထားတဲ့ နိုင်ငံတကာ ဥပဒေတွေကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ လေးစားလိုက်နာ စေရေး မိမိတို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရကြောင်း ဂူတာရက်ဇ်က ဝန်ခံပါတယ်။
ကမ္ဘာကြီးမှာ ဖြစ်ပွားနေတဲ့ ကြီးကြီးမားမား ပဋိပက္ခတွေကို ပြေလည်စေရေး ကုလသမဂ္ဂက အလွန် စေ့စပ် ဆောင်ရွက်နေပေမယ့် ကုလသမဂ္ဂမှာ အင်အား မရှိဘဲ အင်အားကြီး နိုင်ငံတွေရဲ့ ကန်အားက ပိုအားကောင်းနေတယ်လို့ သူက ပြောပါတယ်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများအား ဖြေရှင်းရေး ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများအား ဖြေရှင်းရေး မိမိတို့ အဖွဲ့အစည်းအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဂူတာရက်ဇ်က ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:BBC

