မော်လမြိုင် ၊ ဇန်နဝါရီ ၂၀

မွန်ပြည်နယ် စစ်ကော်မရှင်ဟာ မော်လမြိုင်မြို့မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ်စီမံကိန်းကို လယ်ဧကအများအပြားသိမ်းယူပြီး ထပ်မံတိုးချဲ့ လုပ်ဆောင်နေတယ်လို့ ဒေသ ခံတွေအပါအဝင် စစ်ကော်မရှင် နီးစပ်သူတွေနဲ့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းဟာ မော်လမြိုင် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ လှိုင်ရပ်ကွက်နဲ့ သာယာအေး ရပ်ကွက်အကြားက လယ်ယာမြေတွေကို သိမ်းယူပြီး စီမံကိန်း လုပ်ဆောင်နေတာပါ။

လက်ရှိမှာတော့ အရင်သိမ်းခဲ့တဲ့ လယ်ယာမြေတွေအပြင် ထပ်တိုးပြီး လူနေအိမ်တွေကို ဖယ်ရှားရှင်းလင်းတာ၊ အရင် ကြက်မွေးမြူရေးနဲ့ ငါးမွေးမြူရေးလုပ်ငန်း နေရာတွေကိုပါ သိမ်းယူကာ မြေဖို့တဲ့လုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်နဲ့ နီးစပ်သူ တစ်ဦးကတော့ အရင်က လှိုင်တိုးချဲ့ မြို့သစ်စီမံကိန်းကို စစ်မှုထမ်းတွေအတွက်ဆိုပြီး လုပ်ဆောင် ခဲ့ရာမှ လက်ရှိ မြေကွက် တစ်ကွက်ရဲ့ တန်ဖိုးဟာ ကျပ်သိန်း ထောင်ချီ ဖြစ်လာတဲ့အတွက် ထပ်တိုး လုပ်ဆောင်တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အရင်ကတော့ မြို့သစ် စီမံကိန်းကို စစ်မှုထမ်းအတွက် ဘာအတွက် ညာအတွက်ဆိုပြီး လုပ်ကြတာ။ အခုနောက်ပိုင်း မြေကွက် ၄၀/၆၀ တစ်ကွက်ရဲ့ တန်ဖိုးက သိန်းထောင်ချီ ဖြစ်လာတော့ရှိတဲ့ နေရာတွေ ထပ်သိမ်းပြီး ထပ်တိုးလုပ်တဲ့ သဘောပေါ့။ အဓိက ဝန်ကြီးချုပ်တို့ ဘာတို့က အစိုးရ အပြောင်း အလဲ မဖြစ်ခင် စီမံကိန်း ပြီးစေချင်တယ်လို့ ပြောတာပေါ့။ အားလုံးသိတဲ့အတိုင်း သူတို့ အကျိုးအ မြတ်အတွက်ပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က မွန်ပြည်နယ် စစ်ကော်မရှင်ဟာ လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းအတွက် ဧက ၅၀၀ ဝန်းကျင်သာ လျာထားလုပ်ဆောင်ပေမယ့် လက်ရှိမှာတော့ ဧက ၁၀၀၀ ဝန်းကျင်ထိ ထပ်တိုးလုပ် ဆောင်လာတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်နယ် စစ်ကော်မရှင် ဖော်ဆောင်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းမှာတော့ လက်ရှိ မြေကွက်ဈေးတွေဟာ ပေ ၄၀/၆၀ တစ်ကွက်ကို လမ်းနေရာအပေါ် မူတည်ကာ အနည်းဆုံး ကျပ်သိန်း ၁၃၀၀ ကနေ ကျပ်သိန်း ၁၇၀၀ ဝန်းကျင်ထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းကိုတော့ မွန်ပြည်နယ် စစ်ကော်မရှင်က ဦးဆောင်ကာ ဒေသတွင်းက ခရိုနီသူ‌ဌေး ဖြစ်တဲ့ ဦးမိုးကျော်တို့နဲ့ ပူးပေါင်းပြီး လမ်းမြေဖို့တာ၊ ဓာတ်မီးတိုင် စိုက်တာပြီး အကွက်ရိုက် ရောင်းစားနေတာပါ။

မွန်ပြည်နယ် စစ်ကော်မရှင်ဟာ လှိုင်တိုးချဲ့ မြို့သစ်စီမံကိန်း မဖော်ဆောင်ခင်က အဲဒီနေရာမှာရှိတဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဈေးဆိုင်ခန်းအပါအဝင် အဆောက်အဦး ရာချီကို ကျူးကျော်အကြောင်းပြချက်နဲ့ ဖျက်ဆီးသိမ်းယူခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.