ကော့ကရိတ်၊ ဇန်နဝါရီ ၂၀
ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော် လှန်ရေးအင်အားစုတို့ အခုရက်ပိုင်းထဲမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က လေ ကြောင်းဗုံးကြဲပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကစလို့ ကော့ကရိတ်မြို့မြောက်ပိုင်း ဒေါနတောင်ပေါ်လမ်းဟောင်းအနီးက အောက်ဗိုလ်တဲနဲ့ မိဖာလဲရွာတွေဘက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန် ရေးအင်အားစုတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်က ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ထိခိုက်မှုရှိခဲ့တဲ့အတွက် ဇန်နဝါရီ ၁၇ ရက်နေ့မှာ စစ်ကော်မရှင်တပ်က မိဖာလဲရွာအနီးဝန်းကျင်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်က ကော့ကရိတ်မြောက်ပိုင်းဒေသကို အလုံးစုံပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက စစ်ကြောင်းထိုးပြီး တိုက်ခိုက်ခဲ့ရာ ဒေသတွင်းရှိ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့နဲ့ နှစ်ဖက်တိုက်ပွဲတွေ ဇန်နဝါရီလ တတိယအပတ်အထိ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့က စစ်ကော်မရှင်တပ် ဗျူဟာစခန်းကို တော်လှန်ရေးအင် အားစုအဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့သလို စစ်ကော်မရှင်တပ်ကလည်း ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကော့ကရိတ်မြောက်ပိုင်းဒေသထဲမှာ စစ်ဘေးရှောင်ပြီး နေရပ်ပြန်လာတဲ့ ဒေသခံကျေးရွာသားတချို့ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးထားတာတွေရှိနေတဲ့အတွက် ဒေသ ခံတွေအနေနဲ့ နေရပ်မပြန်သင့်ဘူးလို့လည်း နယ်မြေခံသတင်းရင်းမြစ်က ဆိုထားပါတယ်။
ရွေးကောက်ပွဲအပိုင်း ၃ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲကို စစ်ကော်မရှင်တပ်က တပ်အင်အားတွေ အများအပြားပို့ဆောင်ထားပြီး တဖက်မှာလည်း ရွေးကောက်ပွဲအပိုင်း ၃ ကျင်းပမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မတိုင်ခင် ကော့ကရိတ်မြို့နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

