လောင်းလုံး၊ ဇန်နဝါရီလ ၁၇

ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်တဲ့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ်က အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း ၃ မှာ တနင်္သာရီတိုင်းက သရက်ချောင်း၊ ပုလောနဲ့ လောင်းလုံးမြို့နယ်တွေမှာ ကျင်းပသွားဖို့ ရှိနေတာပါ။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ ရွေးကောက်ပွဲ အပိုင်း ၁ မကျင်းပမီ ရက်ပိုင်းအလိုကတည်းက စစ်ကော်မရှင်တပ်ဟာ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ လုံခြုံရေးအကြောင်းပြကာ အင်အားဖြည့်တင်းထားပြီး စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲ ကျင်းပဖို့ကျန်ရှိနေတဲ့ လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ်က လုံခြုံရေးနဲ့ စစ်ဆေးရေးတင်းကြပ်ထားသလို မြို့ပေါ်တွေနဲ့ မြို့အနီးပတ်ဝန်းကျင်တွေမှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါအပြင် လောင်းလုံးမြို့နဲ့ ထားဝယ်မြို့ကို ဆက်သွယ်ထားတဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်မှာလည်း မှတ်ပုံတင်စစ်ဆေးတာနဲ့ ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး တစ်ခါတလေ စစ်မှုထမ်းအတွက် လူငယ်အမျိုး သားတွေ ဖမ်းဆီးခံရလည်း ရှိတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းလုံးမြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၄၀ ကျော်ရှိပြီး အဲ့ဒီထဲမှ လောင်းလုံးမြို့ပေါ်ရပ်ကွက်လေးခု၊ စခန်းကြီး၊ မောင်းမကန်နဲ့ ကမြောကင်းကျေးရွာအုပ်စုတွေမှသာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.