ရေး၊ ဇန်နဝါရီ ၁၇

မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက် ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ ရေးမြို့နယ် မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ရေးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

အောင်သပြေကျေးရွာ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် တစ်ဦး တံတောင်စေ့မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကော်မရှင်တပ်ဟာ အောင်သပြေကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ဖုန်းတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေပိုင်းအထိ အောင်သပြေကျေးရွာ တဝိုက်မှာ ဆက် လက်တပ်စွဲထားတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးထားတဲ့အတွက် ကျေးရွာအတွင်းရှိ လူငယ်နဲ့လူလတ်ပိုင်းအမျိုး သားတွေဟာ ပေါ်တာဆွဲခံရမှာ စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.