ဝါရှင်တန်၊ ဇန်ဝါရီ ၁၅
အီရန်နိုင်ငံသို့ တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေကလွဲပြီး တခြား လေကြောင်း ခရီးစဉ်အားလုံးကို ဇန်နဝါရီ ၁၄ ရက်မှာ ယာယီ ပိတ်ထားခဲ့ကြောင်း အမေရိကန် ဖက်ဒရယ် လေကြောင်း ပျံသန်းမှု စီမံခန့်ခွဲရေး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အဲဒီ တားမြစ် ပိတ်ပင်မှုဟာ နှစ်နာရီကျော်လောက် ကြာမြင့်ခဲ့ပေမယ့် နောက်ထပ် အချိန် တိုးမြှင့်နိုင်တယ်လို့ အဲဒီ အသိပေးချက်မှာ ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းရှိ အခြေစိုက်စခန်းတွေက တပ်ဖွဲ့ဝင် တချို့ကို အမေရိကန်က ပြန်လည် ခေါ်ယူနေတယ်လို့ အမေရိကန် အရာရှိ တစ်ဦးက ပြောပါတယ်။
အီရန်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန်က တိုက်ခိုက်လာရင် ပြန်လည် တိုက်ခိုက်မှာ ဖြစ်ကြောင်း အီရန်က ပြောကြားထားပြီးနောက် အခုလိုမျိုး အမေရိကန်က အရှေ့အလယ်ပိုင်း အခြေစိုက် စခန်းတွေက တပ်ဖွဲ့ဝင်တွေကို ပြန်လည်း ခေါ်ယူနေတာ ဖြစ်ပါတယ်။
ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ ဒုံးကျည်တွေ၊ ဒရုန်းတွေ အသုံးပြုမှု ပိုများလာတာကြောင့် လေကြောင်း ခရီးစဉ်တွေအတွက် အန္တရာယ်ပိုများလာနေပါတယ်။

အီရန်က လေပိုင်နက်ကို ရုတ်တရက် ပိတ်ချလိုက်တာကြောင့် မိမိတို့ရဲ့ နိုင်ငံတကာ လေကြောင်း ခရီးစဉ် တချို့ ထိခိုက်မှု ရှိမှာ ဖြစ်ကြောင်း အိန္ဒိယရဲ့ အကြီးမားဆုံး လေကြောင်းလိုင်း IndiGo က ကြေညာပါတယ်။
ရုရှား လေကြောင်းလိုင်း Aeroflot ရဲ့ လေယာဉ်လည်း အီရန်ရဲ့ လေပိုင်နက် ပိတ်ထားမှုကြောင့် မော်စကိုသို့ ပြန်လှည့်ပြန်လာခဲ့ကြောင်း လေကြောင်း ခရီးစဉ်များ စောင့်ကြည့်ရေး Flightradar24 ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းမှာ ဂျာမနီ အစိုးရက လေကြောင်းလိုင်းတွေအနေနဲ့ အီရန် လေပိုင်နက်ထဲ ဝင်ရောက်ရင် သတိထားကြဖို့ အကြံပေးထားပါတယ်။
အမေရိကန် စီးပွားဖြစ် လေကြောင်း ခရီးစဉ်အားလုံး အီရန် လေပိုင်နက်ပေါ်က ပျံသန်းမှုကို အမေရိကန် အစိုးရက တားမြစ်လိုက်ပြီးနောက် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်တွေ အားလုံး ရပ်ဆိုင်းထားပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာတာကြောင့် တူရကီ လေကြောင်းလိုင်းတွေ အပါအဝင် လေကြောင်း ကုမ္ပဏီ တချို့ကလည်း ခရီးစဉ်များ ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။
အီတလီ လေကြောင်းလိုင်း ITA Airways ကလည်း လာမယ့် သီတင်းပတ် အင်္ဂါနေ့အထိ အီရန် လေကြောင်း ခရီးစဉ်တွေကို ရပ်တန့်ထားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
အီရန် နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၂၀၀၀ ကျော် ရှိလာချိန် အမေရိကန်က စစ်ရေးအရအရေးယူမှု အပါအဝင် ကြားဝင် ဖြေရှင်းမယ်လို့ ပြောဆိုထားချိန်မှာ အီရန်က ဒေသတွင်း အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်မယ်လို့ ပြောဆိုထားပါတယ်။
အစ္စရေးက အီရန်ကို တိုက်ခိုက်မှုအတွင်း အမေရိကန်က အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် အခုလို ခြိမ်းခြောက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ထရန့် ကျေနပ်စေဖို့ ကြိုးပမ်းနေတဲ့ အဖျက်သမားတွေ ဖြစ်တယ်လို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက ပြောထားပါတယ်။
ထရန့်က ဆန္ဒပြသူတွေကို အီရန် အာဏာပိုင်တွေက သတ်ဖြတ်ရင် ကြီးကြီးမားမား ပေးဆပ်ရမှာ ဖြစ်ကြောင်း ပြောထားပေမယ့် ဆန္ဒပြသူတွေ သေဆုံးမှု ပိုများလာနေပါတယ်။
Ref:Reuters

