ကိဗ်၊ ဇန်နဝါရီ ၁၅

ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်နေချိန် ယူကရိန်း စွမ်းအင်ကဏ္ဍမှာ အရေးပေါ် အခြေအနေ ကြုံတွေ့နေရကြောင်း ယူကရိန်း အစိုးရက ကြေညာပါတယ်။

ရုရှားက သူတို့ရဲ့ စစ်ပွဲ ဆင်နွှဲမှု ဗျူဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆောင်းရာသီ အေးခဲနေတဲ့ အခြေအနေကို အသုံးချပြီး ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်နေတယ်လို့ ကိဗ်အစိုးရက ပြောပါတယ်။

ယူကရိန်းမှာ အပူချိန် အနုတ် ၂၀ ဒီဂရီအထိ ကျဆင်းနေချိန်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေမှုကြောင့် ဒေသခံ ထောင်ပေါင်းများစွာဟာ အပူပေးစက်တွေ အသုံးမပြုနိုင် ဖြစ်နေကြရပါတယ်။

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ လေးနှစ်ကြာ စစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိဖို့ အရှိန်မြှင့် ကြိုးပမ်းနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားထားချိန်မှာ ယူကရိန်းက စွမ်းအင် အရေးပေါ် အခြေအနေ ကြေညာတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထက် ယူကရိန်းက ငြိမ်းချမ်းရေး သဘောတူညီမှု ရယူလိုမှု ပိုနည်းနေတယ်လို့ ထရန့်က ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေပေမယ့် စစ်ပွဲဘာကြောင့် ရပ်တန့် မသွားသလဲလို့ မေးမြန်းရာမှာ ထရန့်က ယူကရိန်း သမ္မတ ဇီလန်စကီးကြောင့် ဖြစ်တယ်လို့ ပြောထားပါတယ်။

လာမယ့် သီတင်းပတ် ဆွစ်ဇာလန်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ ခေါင်းဆောင် နှစ်ဦး စလုံး တက်ရောက်ကြမယ်လို့ မျှော်လင့်ရပါတယ်။

ယူကရိန်း မြို့တော်ရှိ လူနေအိမ် ၇၀ ရာခိုင်နှုန်းလောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ယူကရိန်း စွမ်းအင် အဆောက်အဦတွေကို အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီးနောက် အခုလိုမျိုး အခက်ကြုံနေရတာ ဖြစ်ပါတယ်။

ရာသီဥတု အခြေအနေ ပိုဆိုးလာနေချိန် ရုရှား တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားတဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အဦတွေကို ပြန်လည် ပြုပြင်ရေး အရေးပေါ် အဖွဲ့ ဖွဲ့စည်းထားကြောင်း ဇီလန်စကီးက ပြောထားပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.