ဝါရှင်တန်၊ ဇန်နဝါရီ ၁၅

နိုင်ငံပေါင်း ၇၅ နိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်ဖို့ ဗီဇာ လျှောက်ထားသူတွေအတွက် ဗီဇာ ထုတ်ပေးရေး ဆောင်ရွက်မှုကို ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။

ဒါက ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် အမေရိကန်အစိုးရရဲ့ နှိမ်နှင်းမှု အရှိန်မြင့်တက်လာမှုရဲ့ တစ်စိတ်တစ်ပိုင်း လုပ်ရပ်ဖြစ်ပါတယ်။

နိုင်ငံအများက ရွှေ့ပြောင်းနေထိုင်ဖို့ လျှောက်ထားမှုတွေအတွက် ဗီဇာ ထုတ်ပေးရေး ဆောင်ရွက်မှုတွေကို ဇန်နဝါရီ ၂၁ ရက်က စတင်ပြီး ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီလို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းခံရမယ့် နိုင်ငံတွေမှာ ဘော့စနီးယား၊ အယ်လ်ဘေးနီးယားတို့လို ဘော်လ်ကန်ဒေသနိုင်ငံတွေ၊ ဘရာဇီး၊ ကိုလမ်ဘီယာနဲ့ ဥရုဂွေးတို့ အပါအဝင် လက်တင် အမေရိကနိုင်ငံတွေ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ချ်တို့လို တောင်အာရှနိုင်ငံတွေ ၊အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ကာရေဘီယံက နိုင်ငံအများ ပါဝင်နေပါတယ်။

အမေရိကန် ပြည်သူတွေရဲ့ ရက်ရောမှုကို အသုံးချမယ့် ရွှေ့ပြောင်းနေထိုင်သူတွေကို တားဆီးသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တိုမီ ပစ်ဂေါ့က ပြောပါတယ်။

အမေရိကန် ဗီဇာလျှောက်ထားသူတွေအနေနဲ့ ဘဏ္ဍာရေးအရ ကိုယ်တိုင် လုံလောက်မှု ရှိပြီး အမေရိကန်မှာ နေထိုင်နေချိန်အတွင်း အစိုးရက ထုတ်ပေးတဲ့ အမတော်ကြေးတွေကို မှိခိုအားကိုးနိုင်တဲ့ အန္တရာယ်မရှိသူတွေကိုဘဲ လက်ခံဖို့ နိုင်ငံတကာရှိ အမေရိကန် သံအမတ်တွေကို နိုဝင်ဘာလက ညွှန်ကြားခဲ့ပြီးနောက် အခုလို အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဇန်နဝါရီက အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီး နောက်ပိုင်း ထရန့်က ရွှေ့ပြောင်းနေထိုင်သူများကို အရှိန်မြှင့် နှိမ်နှင်းနေပါတယ်။

ထရန့်က အမေရိကန်မြို့တွေဆီ ဖက်ဒရယ် အေးဂျင့်တွေ ချထားတာကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ရော အမေရိကန်နိုင်ငံသားတွေနဲ့ပါ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားနေပါတယ်။

ထရန့်က အမေရိကန်နိုင်ငံထဲသို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တားဆီးရေး ဦးစားပေး ဆောင်ရွက်နေချိန်မှာ တရားဝင် ရွှေ့ပြောင်းနေထိုင်သူတွေကိုလည်း တားဆီးနေပါတယ်။

ဥပမာဆိုရရင် အရည်အချင်း မြင့်မားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် H-1B ဗီဇာ လျှောက်ထားမှု လိုအပ်ချက်တွေကို အသစ်ပြန်လည် သတ်မှတ်တာ ပေးသွင်းရမယ့် အဖိုးအခ တိုးမြှင့်တာတွေ လုပ်ဆောင်ထားပါတယ်။

ထရန့် အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူများ ဆန့်ကျင်ရေး လုပ်ရပ်တွေကြောင့် ပြစ်တင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို အမေရိကန် ပြည်နယ်အစိုးရ တချို့ရဲ့ ကန့်ကွက်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

အခုလုပ်ရပ်ကြောင့် အမေရိကန်သို့ တရားဝင် ရွှေ့ပြောင်းနေထိုင်မယ့်သူ ထက်ဝက်လောက်ကို တားမြစ်ရာရောက်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ထရန့် သမ္မတ ဖြစ်လာပြီးနောက်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာ လျှောက်ထားမှု တစ်သိန်းကျော်ကို ပယ်ဖျက်ခဲ့ပါတယ်။

အိမ်ဖြူတော်အနီးမှာ အာဖဂန်နစ္စတန် နိုင်ငံသား တစ်ဦးက အမျိုးသား အစောင့်တပ်ဖွဲ့ဝင် တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် တတိယနိုင်ငံတွေကနေ ရွှေ့ပြောင်းနေထိုင်မှုတွေကို အမြဲတမ်းအတွက် တားဆီးသွားမယ်လို့ ထရန့်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်သူတွေကိုလည်း ထရန့်က နှင်ထုတ်ဖို့ စီစဉ်နေပြီး မြန်မာနိုင်ငံ အခြေအနေ ပြန်လည် တည်ငြိမ်လာပြီ ဖြစ်တာကြောင့် အဲဒီလို လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အရင် သမ္မတ ဂျိုး ဘိုင်ဒန် လက်ထက်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အများကြီး အမေရိကန်ထဲ ဝင်ရောက်လာခဲ့တယ်လို့လည်း ထရန့် အစိုးရ အရာရှိတွေက ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.