မော်လမြိုင်၊ ဇန်နဝါရီ ၁၅
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၅၀၀ နီးပါး သေဆုံးခဲ့တယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Spring Revolution Database – SRD က ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ်အတွင်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု စုစုပေါင်း အကြိမ်ရေ ၃၆၀၀ ကျော် ကျူးလွန်ခဲ့တာပါ။
အဲဒီထဲမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုအပြင် ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်မှုတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်မရှင် လေကြောင်းပစ်ခတ်တိုက်မှုကြောင့် တော်လှန်ရေးအင်အားစုတွေအပါအဝင် အရပ်သားပြည်သူ ၂၀၇၆ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃၅၄ ဦးနဲ့ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုကြောင့် ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်က အရပ်သားပြည်သူတွေကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုပေါင်း ၈၄ ကြိမ်အထိ ရှိခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၆၄၄၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်း ငါးနှစ်နီးပါး ကာလအတွင်း စစ်ကော်မရှင်နဲ့ လက်ပါးစေတွေကြောင့် ဒီမီုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ၇၆၈၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

