ကော့ကရိတ်၊ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အခြေစိုက် အမှတ် ၅၄၈ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရတဲ့ အဲဒီတပ်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ လက်နက်ခဲယမ်းနဲ့အတူ ဘားအံခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ထံ လက်နက်ချ အလင်းဝင်လာခဲ့တာပါ။

ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားနှစ်ဦးဟာ အသက် ၂၅ နှစ်အရွယ် တပ်သား စည်သူဟိန်းနဲ့ အ သက် ၂၄ နှစ်အရွယ် တပ်သား မောင်မောင်စိုးတို့ဖြစ်ပြီး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတာကြောင့် ကျပ်ငွေသိန်း ၂၀ စီ ချီးမြှင့်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် စစ်ကော်မရှင်ရဲ့ မတရား စစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကော် မရှင်တပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့ထံ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အလားတူ စစ်ကော်မရှင်ဘက်ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် ၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ PDF ရဲဘော် ၅ ဦးကို လက်နက်တန်ဖိုးအလိုက် ငွေကျပ် ၁၅၄ သိန်း ချီးမြှင့်ပေးအပ်ခဲ့ပြီး ခံဝန်ထိုးကာ မိဘအုပ်ထိန်းသူတွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ဝါဒဖြန့်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.