ဝါရှင်တန်၊ ဇန်နဝါရီ ၁၅
ကာတာနိုင်ငံရှိ အမေရိကန်ရဲ့ အဓိက အခြေစိုက်စခန်းက တပ်ဖွဲ့ဝင် အင်အားကို လျှော့ချနေချိန်မှာ သမ္မတ ဒေါ်နယ် ထရန့်က အီရန်မှာ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုတွေ ရပ်တန့် သွားပြီ ဖြစ်ကြောင်း ပြောပါတယ်။
အီရန်မှာ ဆန္ဒပြသူတွေကို သတ်ဖြတ်နေမှုတွေ ရပ်တန့်သွားပြီ ဖြစ်ကြောင်းနဲ့ သေဒဏ်ကြောင့် ကွပ်မျက်ဖို့ စီစဉ်ထားမှုတွေကို ရှေ့ဆက် လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း အရေးပါတဲ့ သတင်းရင်းမြစ်တွေက အာမခံထားပြီး ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

အဲဒီလို အာမခံ ပြောဆိုမှုတွေကို အမေရိကန်က အတည်ပြုထားပြီးပြီလားဆိုတာနဲ့ ပတ်သက်လို့ ထရန့်က ရှင်းရှင်းလင်းလင်း ပြောထားတာ မရှိသေးပါဘူး။
အမေရိကန်က စစ်ရေးအရ ကြားဝင်လာရင် ဒေသတွင်း အမေရိကန် တပ်စခန်းတွေကို တိုက်ခိုက်မှာ ဖြစ်ကြောင်း အီရန်က သတိပေးထားပါတယ်။
အမေရိကန်က ၂၄ နာရီအတွင်း အီရန်မှာ စစ်ရေးအရ ကြားဝင်ဖြေရှင်းဖို့ ဖြစ်လာနိုင်တယ်လို့ ဥရောပ အရာရှိတွေက ဇန်နဝါရီ ၁၅ ရက်က ပြောပါတယ်။

၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေးနောက်ပိုင်း သံတမန် ဆက်ဆံရေး မရှိတဲ့ ရန်သူ နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။
နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ပျံ့နှံ့နေချိန်မှာ လုံခြုံရေးတပ်တွေရဲ့ လက်ချက်ကြောင့် သေဆုံးသူ ၃၄၂၈ ဦး ရှိပြီ ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။
အီရန် အရာရှိတွေက ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းနေချိန် အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ၅ရက်ကြာပြီ ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
ရက်အနည်းငယ်ကြာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ပြောကြားပါတယ်။
အီရန် တရားသူကြီးချုပ်က ဖမ်းဆီးထားသူတွေကို အလျင်အမြန် ရုံးတင် စစ်ဆေးပြီး အပြစ်ပေးမယ်လို့ ပြောထားတာကြောင့် သေဒဏ်ချမှတ်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
မြို့တော် တီဟီရန်မှာ သေဆုံးသွားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀ ကျော်အတွက် အသုဘ အခမ်းအနား ပြုလုပ်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ အီရန် အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်က ကာတာနိုင်ငံရှိ စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်းက တပ်ဖွဲ့ဝင် အင်အားကို လျှော့ချထားချိန်မှာ ထရန့်က အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်က စစ်ရေးအရ ကြားဝင် စွက်ဖက်ရင် ဒေသတွင်းရှိ အမေရိကန် တပ်ဖွဲ့တွေဟာ တရားဝင် ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့ အီရန်က သတိပေးထားပါတယ်။
Ref:AFP

