ရေး၊ ဇန်နဝါရီ ၁၄
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၇ နာရီအချိန်ခန်လောက်မှာ ရွာခံဖြစ်တဲ့ အသက် ၅၀ အရွယ်ရှိ ဦးကျိုက်ဟာ နေအိမ်ကနေ ကျေးရွာအပြင်တောစပ်မှာ ဝါးခုတ်ဖို့အသွား ရွာပြင်အရောက်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဦးကျိုက်ဟာ ခြေထောက်နဲ့နောက်ကျောမှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တဲ့အတွက် လမိုင်းဆေးရုံထံ ပို့ဆောင်ကုသထားရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီမိုင်းဟာ စစ်ကော်မရှင် လက်အောက်ခံ လင်းဦး ဦးဆောင်တဲ့ ဌာနေပြည်သူ့စစ်အဖွဲ့က ထောင်ထားတဲ့ မိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံအမျိုးသား တစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ရွာခံတွေဟာ ကျေးရွာအပြင် တောစပ်တွေကို ဘယ်သူမှ မသွားရဲကြတော့ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
လင်းဦး ဦးဆောင်တဲ့ အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို လာရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တကျော့ပြန် မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေနဲ့ တိုက်ပွဲလက်ကျန် စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

