နေပြည်တော် ၊ ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပါဝင်နေတဲ့ အာဏာ သိမ်းစစ်တပ်က လက်နက်ကိုင်ပဋိပက္ခတွေ လျော့ချရေးအတွက် ပြည်တွင်းက လူငယ်တွေနဲ့ ငြိမ်း ချမ်းရေးလမ်းစဖော်ဖို့ ကြိုးပမ်းလာနေပါတယ်။
အာဏာသိမ်းမှုအအတွင်း ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က ဦးဆောင်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ဇန်နဝါရီ ၁၃ ရက်နေ့က စတင်ကျင်းပနေပါတယ်။
အဲဒီဖိုရမ်မှာ လူငယ်တွေရဲ့ မှန်ကန်တဲ့ အတွေးအမြင်နဲ့ ခံစားချက်၊ ယုံကြည်ချက်၊ ခံယူချက်တွေဟာ နိုင်ငံတော်အတွက် အဓိက လိုအပ်ချက်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရယူနိုင်ရေးဟာ အရေးပါတဲ့ စွမ်းအားဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
လက်ရှိအခြေအနေမှာ လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မြင့်တက်နေဆဲဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ရှေ့ကိုမရောက်နိုင်ဘဲ အတားအဆီးတွေနဲ့သာ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး ပြည်သူတွေပါဝင်မှုနဲ့ ဖော်ဆောင်သွားဖို့ လိုကြောင်းနဲ့ အဲဒီလို ဆောင်ရွက်နိုင်ရေး တက်ရောက်လာကြတဲ့ ငြိမ်းချမ်းရေးစိတ်ဝင်စားသူ လူငယ်တွေအနေနဲ့ တစ်တပ်တစ်အား ကြိုးပမ်းပေးစေလိုတယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရောက်နေကြတဲ့ လူငယ်တွေဟာ တော်လှန်ရေးအဖွဲ့အစည်းထဲမှာရှိနေတဲ့ လူငယ်တွေကို ကိုယ်စားမပြုနိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်ရင် မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ လိုသလို စစ်တပ်အနေနနဲ့ ကျူးလွန်ထားတွေကို ပြစ်ဒဏ်ခံဖို့ လိုတယ်လို့ သူက အခုလို ထောက်ပြပါတယ်။
“တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် အရင်ဆုံး မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံး ပြန်လည်လွှတ်ပေးဖို့ လိုတယ်။ စစ်တပ်အနေနဲ့ သူကျူးလွန်ထားတဲ့ ပြစ်ဒဏ်တွေကို ခံဖို့လိုတယ်။ နောက်တစ်ချက်ကတော့ တိုင်းရင်းသားတွေရဲ့ သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ စစ်တပ်က ဘေးဖယ်ဖို့လိုတဲ့နေရာတွေမှာ ဘေးဖယ်ရမယ်ပေါ့။ ဆိုတော့ဒီဟာတွေ လုပ်ဆောင်နိုင်မှသာလျှင် ကျွန်တော်တို့ တိုင်းပြည်က တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရမှာဖြစ်တယ်”လို့ ဆိုပါတယ်။
လက်ရှိ ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် NCA ၁၀ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲကနေ ပေါ်ထွက်လာတဲ့ ရလဒ်တွေကို အခြေခံပြီး လုပ်ဆောင်တာပါ။
ငြိမ်းချမ်းရေးနဲ့ နိုင်ငံတည်ဆောက်ရေး လူငယ်တွေ ပါဝင်မှုကို မြှင့်တင်ပေးဆိုတဲ့ ခေါင်းစဉ်နဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်ကိုယ် စားလှယ်ပေါင်း ၃၂၀ က အကြောင်းအရာ ၁၀ ခုနဲ့ သုံးရက်တိုင် ဆွေးနွေးသွားမယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
အနာဂတ်မှာ လူငယ်၊ လူရွယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးရမှာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို ပါဝင်လုပ်ဆောင်နိုင်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောနေပေမယ့် တစ်ဘက်မှာ လူငယ်တွေကို အတင်းအဓမ္မ စစ်ထဲတွန်းပို့နေတာပါ။
အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေကြောင့် မြေပြင်စစ်ဆင်ရေးတွေမှာ အင်အားချိနဲ့လာတဲ့ စစ်တပ်က ပြဌာန်းပြီးသား ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းမှာ ကျန်ရှိနေတဲ့ လူငယ်တွေဟာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတာရှိသလို စစ်မှုထမ်းလွတ်ကင်းဖို့ ပြည်ပနိုင်ငံတွေမှာ ရတဲ့နည်းလမ်းတွေနဲ့ ထွက်ပြေးတိမ်းရှောင်ကြတာလည်း ဆက်တိုက်ရှိနေတာပါ။
လက်ရှိမှာ စစ်တပ်အနေနဲ့ နည်းမျိုးစုနဲ့ ခေါ်ယူစုဆောင်းထားတဲ့ လူငယ်တွေကို အခြေခံစစ်သင်တန်း အပတ်စဉ် ၂၁ အထိ ဖွင့်လှစ်သင်ကြားလာနိုင်ခဲ့ပြီး အပတ်စဉ် တစ်ခုကို အင်အား ၅၀၀၀ နှုန်းလျာ ထားတဲ့အတွက် စစ်အင်အား တစ်သိန်းကျော်လောက် ရရှိထားတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်းရမှာဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လက်နက်ကိုင်ပဋိပက္ခကို ရပ်တန့်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ကျေလည်အောင် ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က စစ်အုပ်စုကြောင့် ဖြစ်လာတဲ့ ပြဿနာမို့ စစ်တပ်နဲ့ ပြန်လည်ညှိနှိုင်းပြီး အဖြေရှာရမယ်ဆိုတာဟာ လက်တွေ့မကျဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာတာက ကျွန်တော်တို့ တိုင်းပြည်ရဲ့ အဖြေမဟုတ်ဘူး။ကျွန်တော်တို့ တိုင်းပြည်ရဲ့အဖြေက စစ်အုပ်စုက အဓိက ပြဿနာဖြစ်တယ်။ စစ်အုပ်စုက အဓိကချုပ်ခြယ်မှု ဖိနှိပ်မှုကို ဆောင်ရွက်နေတာ ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ တကယ့်အဖြေက ဘာလဲဆိုရင် စစ်အုပ်စု မရှိတော့မှ အဖြေကို ရှာတွေ့မှာပေါ့။စစ်အုပ်စုမရှိအောင် ကျွန်တော်တို့ အရင် လုပ်ရလိမ့်မယ်။ အဲဒါပြီးတဲ့အခါကျတော့မှ ငြိမ်းချမ်းရေးရော အခြားအရာတွေကို ကျွန်တော်တို့ ဆက်ပြီး ဆောင်ရွက်လို့ရမယ်”လို့ ဆိုပါတယ်။
၂၀၂၁ အစောပိုင်းကာလတွေအတွင်း စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ မြန်မာနိုင်ငံတဝန်းရှိ ပြည်သူလူထုတွေထဲမှာ အလွှာပေါင်းစုံက လူငယ်တွေဟာ ရှေ့ဆုံးကနေ မားမားမတ်မတ် ဦးဆောင်ခဲ့ကြတာပါ။
ဒီအပေါ် စစ်တပ်က လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းတာ၊ ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာနဲ့ အကျဉ်းချမှုတွေကြောင့် လူငယ်တွေဟာ အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးချုပ်နှောင်ခံရတာလည်း အများအပြားရှိခဲ့ပါတယ်။
ဒါကြောင့် လူငယ်တွေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာဟာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကနေ တွန်းပို့ခဲ့တာ ဖြစ်သလို ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးကလည်း စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်လို့ နိုင်တလနိုင်က ထောက်ပြပါတယ်။
စစ်ခေါင်းဆောင်ကတော့ လွဲမှားတဲ့ လက်နက်ကိုင်လမ်းစဉ်တွေကြောင့် မျှော်မှန်းတည်ဆောက်နေတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ တိုးတက်အစပြုနေပြီဖြစ်တဲ့ အခြေခံအဆောက်အအုံတွေ မြောက်များစွာဆုံးရှုံးခဲ့ရတယ်လို့ အပြစ်ဖို့ပါတယ်။
လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ နည်းလမ်းဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ ဘာရလဒ်မှ မထွက်ခဲ့တာကို သင်ခန်းစာယူဖို့ လိုသလို ဒီမိုကရေစီနောက်ပြန်ဆွဲတာဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်တာကို ရှုမြင်ဖို့ အချိန်ကျနေပြီလို့ သူ့ရဲ့ လုပ်ရပ်ကို ဖုံးကွယ်ပြီး ပြောဆိုခဲ့တာပါ။
ဒါ့အပြင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်း ချက်တူကြမယ်ဆိုရင် ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာဖို့ ဆက်လက် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပြန်ပါတယ်။
နိုင်တလနိုင်ကလည်း ဥပဒေဘောင်ထဲ ဝင်လာဖို့ ပြောနေတာဟာ စစ်တပ်နဲ့ အပေါင်းအပါ တစ်စုလောက်ပဲ အကျိုးခံစားခွင့်ရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ဖြစ်ပြီး လူထုကလည်း အဲဒီဥပဒေကို လက်မခံဘူးလို့ တုံ့ပြန်ပါတယ်။
“ဥပဒေဘောင်ထဲကို ဝင်လာဖို့ ပြောတာဟာ စစ်တပ်က သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ထဲကို ဝင်ခိုင်းတာ ဖြစ်တယ်။ ဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အားလုံးသိတဲ့အတိုင်းပဲ စစ်တပ်နဲ့ သူ့ရဲ့ အပေါင်းအပါ တအုပ်စုလောက်ကပဲ အကျိုး ခံစားခွင့်ရဖို့အတွက်ကို ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ဒီဟာကို ပြည်သူလူထုတစ်ရပ်လုံးကလည်း လက်မခံသလို ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေနဲ့ ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက်လောင်နေမှုအပေါ် စစ်တပ်က နိုင်ငံရေးတရားဝင်မှုနဲ့ ထွက်ပေါက်တစ်ခုရဖို့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်ဆန်းပိုင်းအတွင်း ပါတီစုံဒီမိုကရေစီအမည်ခံ အထွေထွေရွေးကောက်ပွဲကို ၂၀၂ မြို့နယ်အတွင်း အပိုင်း ၁ နဲ့ ၂ အဖြစ် ကျင်းပနိုင်ခဲ့ပြီး အပိုင်း ၃ ကိုတော့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ဆက်လုပ်ပြုလုပ်ဖို့ ရှိနေတာပါ။
အဲဒီကနေ မတ်လအတွင်း လွှတ်တော်ခေါ်ယူမှာဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေ ဦးဆောင်မယ့် ရွေးကောက်ခံအစိုးရတစ်ရပ်အဖြစ် ဧပြီမှာ စတင်တာဝန်ထမ်းဆောင်မယ့် အခြေအနေမှာ စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းမှုတွေကို ပြန်ကြည့်ရင် အရေးပါတဲ့ အောင်မြင်မှုတွေ ရှိခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအတွက် NCA သဘောတူစာ ချုပ်ဟာ ဒီကနေ့အချိန်အထိ အရေးပါနေဆဲလို့ ထုတ်ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

