ဘားအံ၊ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ဂိတ်စခန်းတစ်ခုကို စစ်ကော် မရှင်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဘားအံမြို့နယ် သိုက်တောကျေးရွာမှာရှိတဲ့ BGF အကောက်ခွန်ဂိတ်စခန်းကို စစ်ကော်မရှင်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် စက်လှေသမားတစ်ဦး သေဆုံးပြီး BGF တပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဲဒီထဲမှာ တစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
သိုက်တောကျေးရွာဟာ ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်ကြားမှာရှိပြီး ထိုင်းနယ်စပ်ကနေ ဝင်ရောက်လာတဲ့ လိုင်စင်မဲ့ယာဉ်၊ စက်သုံးဆီ၊ ကုန်စည်ပစ္စည်း အစရှိတာတွေကို သိုက်တောရွာစက်လှေဂိတ်ကနေတစ်ဆင့် သံလွင်မြစ်တစ်ဖက်ကမ်း ဝတ်ကြီးကျေးရွာဘက်ကို စက်လှေဖောင်နဲ့ကူးပြီး ပို့ဆောင်နေတာပါ။
ဒီလို စက်လှေဖောင်တွေနဲ့ ဖြတ်ကူးသွားလာနေတာတွေကို BGF က ငွေကြေးကောက်ခံနေပြီး ဖြတ်ကူးသွားလာနေကြတဲ့ ကုန်ပစ္စည်းနဲ့ လိုင်စင်မဲ့ယာဉ် စတာတွေဟာ ဘားအံမြို့က စစ်ကော်မရှင်ရဲ့ သံလွင်တံတားစစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းလိုတဲ့အတွက် အခုလို မှောင်ခိုလမ်းဖြစ်တဲ့ သိုက်တောရွာ BGF လှေဂိတ်စခန်းကနေတစ်ဆင့် ဖြတ်ကူးနေရတာ ဖြစ်ပါတယ်။
BGF က ဒီလိုငွေကြေးကောက်ခံနေတာကို စစ်ကော်မရှင်က အရင်ကတည်းက သိထားပေမယ့် တိုက်ခိုက်မှုတစ်စုံတစ်ရာ လုပ်ဆောင်မှုမရှိဘဲ BGF က KNA အဖြစ် ပြောင်းလဲလိုက်တဲ့နောက်မှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ပထမဦးဆုံးအကြိမ် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNA

