တီဟီရန်၊ ဇန်နဝါရီ ၁၂
သတ်ဖြတ်ခံရတဲ့ ဆန္ဒပြသူ အရေအတွက် ရာပေါင်းများစွာ ရှိလာပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောကြားထားချိန် အမေရိကန်က တိုက်ခိုက်လာရင် လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်နေပြီး သေဆုံးသွားတဲ့ ဆန္ဒပြသူ အရေအတွက် ၅၀၀ အထိ ရှိလာပြီ ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

နိုင်ငံတဝှမ်း ဆန္ဒပြသူ ၄၉၅ ဦး သေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
တီဟီရန်မြို့အနီး ရင်ခွဲရုံတစ်ခုမှာ အလောင်းတွေ ထည့်ထားတဲ့ အိတ် ၁၈၀ တွေ့မြင်ခဲ့ရကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
စောစောပိုင်းရက် ညပိုင်းက မငြိမ်သက်မှုအတွင်း ဖမ်းဆီးခံရသူ ၁၀၆၀၀ ဦး ရှိတယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဆန္ဒပြသူတွေ သေဆုံးမှုနဲ့ပတ်သက်လို့ အမေရိကန်က အီရန်ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပြီး အီရန် ပြည်သူတွေက လွတ်လပ်မှုကို ရှာဖွေနေချိန် အမေရိကန်က ကူညီဖို့ အသင့်အနေအထား စောင့်နေတယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ဇန်နဝါရီ ၁၀ ရက်မှာ ပြောထားပါတယ်။
အမေရိကန်က ဘာလုပ်ဖို့ စဉ်းစားနေသလဲဆိုတာ ထရန့်က အသေးစိတ် ပြောဆိုထားတာ မရှိပါဘူး။
အီရန်ကို စစ်ရေးအရ တိုက်ခိုက်ရေး နည်းလမ်းတွေနဲ့ပတ်သက်လို့ ထရန့်ကို ရှင်းလင်းတင်ပြမှုတွေ ရှိကြောင်း CBS သတင်းဌာနက ဖော်ပြပါတယ်။
တခြား နည်းလမ်းတွေမှာတော့ အစိုးရ ဆန့်ကျင်ရေးအင်အားစုကို အွန်လိုင်းကနေ အားကောင်းလာအောင် လုပ်ဆောင်ပေးရေး၊ အီရန် စစ်တပ်ကို ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ရေး ဒါမှမဟုတ် ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရေးတို့ ဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက Wall Street Journal ကို ပြောထားပါတယ်။
အမေရိကန်က တိုက်ခိုက်လာရင် အမေရိကန်ရော၊ အစ္စရေးကိုရော၊ ဒေသတွင်းရှိ သင်္ဘောပို့ဆောင်ရေး စင်တာတွေဟာ တရားဝင်ပစ်မှတ် ဖြစ်လာလိမ့်မယ်လို့ အီရန်လွှတ်တော် ဥက္ကဋ္ဌက သတိပေးထားပါတယ်။
ငွေကြေးဖောင်းပွမှုကြောင့် စတင်လာခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အခုအချိန်မှာတော့ အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ အုပ်ချုပ်မှု အဆုံးသတ်ရေး တောင်းဆိုနေကြပါတယ်။
အီရန် အစိုးရ ရှေ့နေချုပ်က ဆန္ဒပြသူတိုင်းကို ဘုရားသခင်ရဲ့ ရန်သူတွေအဖြစ် သတ်မှတ်သွားမယ်လို့ ပြောထားပြီး အဲဒီလို သတ်မှတ်ခံရသူတွေအနေနဲ့ သေဒဏ်ချမှတ်ခံရနိုင်ပါတယ်။
ခါမေနီကတော့ ဆန္ဒပြသူတွေဟာ ထရန့် ကျေနပ်စေဖို့ ကြိုးပမ်းနေကြတဲ့ အဖျက်သမားတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဆေးရုံတွေမှာ ဒဏ်ရာရထားတဲ့ ဆန္ဒပြသူတွေ၊ သေဆုံးသူတွေနဲ့ မနိုင်မနင်း ဖြစ်နေကြောင်း ဆေးရုံ ဝန်ထမ်းတွေက ပြောပါတယ်။
အီရန် အစိုးရက ဇန်နဝါရီ ၈ ရက်ကတည်းက အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး ဘီဘီစီ အပါအဝင် နိုင်ငံတကာ သတင်းအဖွဲ့အစည်း အများစု အီရန်နိုင်ငံထဲက သတင်းပို့ဖို့ မဖြစ်နိုင်တာကြောင့် သေဆုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို အတည်ပြုဖို့ ခက်ခဲနေပါတယ်။
အခုလို နိုင်ငံတဝှမ်း မငြိမ်သက်မှုတွေ ဖြစ်ရတာဟာ အမေရိကန်နဲ့ အစ္စရေးကြောင့် ဖြစ်တယ်လို့ အီရန် သမ္မတ မာဆောက် ပီဇက်ခီယန်က ပြောဆိုထားပါတယ်။
Ref:BBC

