ဆစ္စဒနီ၊ ဇန်နဝါရီ ၁၂
သြစတြေးလျရဲ့ ကလေးတွေအတွက် လူမှုမီဒီယာ တားမြစ်မှု ပထမဆုံး နေ့ရက်တွေအတွင်း အကောင့် ၅ သိန်းခွဲကို Meta ကုမ္ပဏီက တားမြစ်ခဲ့ပါတယ်။
ဒီဇင်ဘာလက အသက်ဝင်လာတဲ့ ဥပဒေသစ် တစ်ရပ်အရ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် အပါအဝင် ကမ္ဘာ့ လူကြိုက် အများဆုံး လူမှုမီဒီယာတွေအနေနဲ့ အသက် ၁၆နှစ်အောက် သြစတြေးလျ နိုင်ငံသားတွေရဲ့ အကောင့်တွေကို သူတို့ရဲ့ လူမှုမီဒီယာတွေကနေ ဖယ်ရှားဖို့ လိုအပ်လာပါတယ်။

ကမ္ဘာတဝှမ်းက အနီးကပ်စောင့်ကြည့်နေတဲ့ အဲဒီ တားမြစ်မှုဟာ ကလေးတွေ အန္တရာယ် မဖြစ်စေရေး လိုအပ်တဲ့ တားမြစ်ချက် ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ အစိုးရက ပြောပါတယ်။
လူငယ်တွေကို အွန်လိုင်းပေါ်မှာ ဘေးအန္တရာယ် ကင်းအောင်ထားဖို့ အခုထက်ပိုလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သဘောတူကြောင်း Meta အပါအဝင် ကုမ္ပဏီတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီကုမ္ပဏီတွေက တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ဆက်လက် စောဒက တက်နေကြပြီး ပညာရှင် တချို့ကလည်း အလားတူ စိုးရိမ်မှုတွေကို တင်ပြထားကြပါတယ်။
အားလုံးခြုံပြီး တားမြစ်တာထက် လူငယ်တွေ အွန်လိုင်းပေါ်မှာ ဘေးကင်းစေရေး အသက်အရွယ် အလိုက် သင့်တော်တဲ့ ဖော်ပြချက်တွေလောက်ပဲ ဖော်ပြတာ၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိန်းသိမ်းပေးတာလို စံနှုန်းမျိုးတွေနဲ့ပိုကောင်းတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ဖို့ သြစတြေးလျ အစိုးရကို တိုက်တွန်းကြောင်း Meta ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဥပဒေအသစ် အသက်ဝင်လာပြီးနောက် ပထမဆုံး သီတင်းပတ်အတွင်း အင်စတာဂရမ် အကောင့် ၃၃၀၆၃၉ ခု၊ ဖေ့စ်ဘွတ်ခ် အကောင့် ၁၇၃၄၉၇ ခုနဲ့ Threads အကောင့် ၃၉၉၁၆ ခုကို တားမြစ်ခဲ့တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ကနေ ဥရောပသမဂ္ဂအထိ အစိုးရ အဖွဲ့တွေက လူမှုမီဒီယာကို အရွယ်ငယ်တဲ့ ကလေးတွေ အသုံးပြုမှု တားမြစ်ရေး လေ့လာစီစဉ်နေကြပါတယ်။
ဒါပေမဲ့ သြစတြေးလျမှာ ကမ္ဘာ့ ပထမဆုံးအနေနဲ့ အသက် ၁၆ နှစ်အရွယ်အထိ လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်လိုက်တာက ကမ္ဘာမှာ အတင်းကြပ်ဆုံး တားမြစ်မှု ဖြစ်လာခဲ့ပါတယ်။
အဲဒီ မူဝါဒဟာ မိဘတွေကြား လူကြိုက်များပြီး ဗြိတိန်မှာလည်း ကွန်ဆာဗေးတစ်တို့က လာမယ့် ရွေးကောက်ပွဲမှာ သူတို့ အာဏာရလာရင် အလားတူ တားမြစ်မယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ သြစတြေးလျ ကလေးတွေအနေနဲ့ အသက်အရွယ် စစ်ဆေးမှုကို လိမ်လည် ကျော်ဖြတ်ပြီး အသုံးပြုတာ ဒါမှမဟုတ် တခြား အန္တရာယ် မကင်းတဲ့ အွန်လိုင်း ပလက်ဖောင်းတွေကို ပြောင်းလဲ အသုံးပြုတာတွေ ဖြစ်လာနိုင်တယ်လို့ ပညာရှင် တချို့က ထောက်ပြပါတယ်။
Ref:BBC

