ရေး၊ ဇန်နဝါရီ ၁၃
ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပတဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ရေးမြို့နယ်တို့က စစ်တပ်စခန်း လေးခုကို တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တော် RMA က ဇန်နဝါရီ ၁၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ရာမညမွန်တော် RMA ဟာ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၄ နာရီအချိန်လောက်မှာ ရေးမြို့နယ် အစင်ကျေးရွာထိပ်ရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကော်မရှင်ဘက်က သုံးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီနေ့ မနက် ၈ နာရီအချိန်ခန့်မှာလည်း ရေးမြို့အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ အမှတ် ၃၁၆ အမြောက်တပ်တို့ကို ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူဘက်က ထိခိုက်သေဆုံးမှု ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ရာမညမွန်တပ်တော် RMA ဒရုန်းတပ်ဖွဲ့က မုဒုံမြို့နယ် ကမာဝက်မြို့အခြေစိုက် အမှတ် ၂၀၉ ခြေမြန်တပ်ရင်းကို ဒရုန်းနဲ့ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို မလိုလားကြောင်း ပြသတဲ့အနေနဲ့ ဖော်ဆောင်ခဲ့တာလို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့/ ရာမညတပ်တော်(NMSP AD / RMA) ပြောခွင့်ရ နိုင်ကောင်းစကားက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရာမညမွန်တော် RMA ဟာ ရွေးကောက်ပွဲမတိုင်မီ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ကမာဝက်မြို့မှာ မဲရုံလာရောက် စစ်ဆေးနေတဲ့ စစ်ကော်မရှင် တာဝန်ရှိသူတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP

