ရေး၊ ဇန်နဝါရီ ၁၂

မွန်ပြည်နယ်မှာ စစ်ကော်မရှင် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ မွန်ညီညွတ်ရေးပါတီ MUP က ကိုယ်စားလှယ်လောင်း အများစု အနိုင်ရရှိခဲ့တယ်လို့ ပါတီဝင်တွေနဲ့ ပါတီရဲ့ အသိပေးချက်အရ သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပတဲ့ အပိုင်း ၂ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်က ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့ ပါဝင်ပြီး ဘီးလင်းမြို့နယ်ကလွဲရင် မွန်ညီညွတ်ရေးပါတီက ကျန်လေးမြို့နယ်မှာ ဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

မြို့နယ်လေးခုက ကိုယ်စားလှယ်လောင်းတွေရဲ့ မဲအများဆုံးရသူ အကုန်အနိုင်ယူ စနစ် FPTP နဲ့ ဝင်ပြိုင်တဲ့ မဲစာရင်းရလဒ်အရ မွန်ညီညွတ်ရေးပါတီက ရေးမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်အားလုံးမှာ အနိုင်ရရှိခဲ့တာပါ။

အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ‌ရေးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ လမိုင်းမြို့၊ ခေါဇာမြို့ နဲ့ ကုလားကျွန်းလောက်သာ မဲပုံးထောင်နိုင်ခဲ့ပေမယ့် မွန်ညီညွတ်ရေးပါတီက အများဆုံး အနိုင်ရရှိခဲ့ပါတယ်။

သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်က ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်အတွက် ၄ နေရာ အနိုင်ရရှိထားပြီး အဲဒီမြို့နယ်နှစ်ခုကို ပေါင်းထားတဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ မှာတော့ တစ်နေရာ အနိုင်ရရှိထားတာပါ။

ပေါင်မြို့နယ်မှာတော့ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်အတွက် ၂ နေရာရရှိထားတဲ့အတွက် အပိုင်း ၂ မှာ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၀ နေရာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပိုင်း ၁ မှာတော့ FPTP စနစ် မဲရလဒ်အရ ချောင်းဆုံမြို့နယ်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ နေရာ ရရှိထားတဲ့အတွက် မွန်ညီညွတ်ရေးပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၂ နေရာ အထိ ရရှိထားပါတယ်။

တစ်ဘက်မှာ အချိုးကျကိုယ်စားပြုစနစ် PR အရ ပါတီက ရရှိတဲ့ မဲတွေကို အဲဒီစနစ်မှာ ပြည်သူ့လွှတ်တော်ကလွဲရင် ကျန်လွှတ်တော်တွေမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို အချိုးကျပြန်လည်ခွဲဝေပေးတာဖြစ်တဲ့အတွက် လောဆယ်တော့ ရလဒ်မထွက်သေးပါဘူး။

မွန်ပြည်နယ်က ၅ မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၂ မှာ မဲပေးပိုင်ခွင့်ရှိသူ ငါးသိန်းကိုးသောင်းကျော်ရှိပြီး မဲရုံးပေါင်း ၃၂၁ ရုံနဲ့ လွှတ်တော်သုံးရပ်မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၈၉ ဦး ရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.