ပေါင်၊ ဇန်နဝါရီ ၁၂

မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကကျေးရွာမှာ ရွေးကောက်ပွဲ နှောင့်ယှက်မှု စွပ်စွဲချက်နဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးအမှုဖွင်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက ရွေးကောက်ပွဲ မဲပေးချိန်မှာ ကျုံကကျေးရွာနေ အသက် ၄၇ နှစ်အရွယ် ကိုမျိုးဟာ အရက်မူးပြီး မဲသွားမပေးကြဖို့ လိုက်လံအော်ဟစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကိုမျိုးကို စစ်ကော်မရှင်က မုတ္တမနယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားပြီး ရွေးကောက်ပွဲအား နှောက်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေပုဒ်မ ၂၄ (က) နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးအမှုဖွင့်ခံရတဲ့ ကိုမျိုးဟာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ် ထောင် ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ကပ်ထားတဲ့ အမတ်လောင်းစာရင်း ဆုတ်ဖြဲလို့ဆိုပြီး ရွေးကောက်ပွဲဥပဒေနဲ့ သက်ကြီးပိုင်း အမျိုးသား တစ်ဦး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေ ပြဌာန်းပြီးနောက် လေးလအတွင်း လူပေါင်း ၃၄၀ နီးပါး အမှုဖွင့်အရေးယူထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.