ဝါရှင်တန်၊ ဇန်နဝါရီ ၁၂
ကျူးဘားအနေနဲ့ သဘောတူညီမှု တစ်ရပ် မရယူဘူးဆိုရင် နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီး ဗင်နီဇွဲလား ရေနံနဲ့ ငွေကြေး စီးဆင်းမှုကို အခုရပ်တန့် ပစ်မယ်လို့ သတိပေးလိုက်ပါတယ်။
ဗင်နီဇွဲလား မြို့တော် ကာရာကတ်စ်ကို အမေရိကန် တပ်ဖွဲ့တွေ ဇန်နဝါရီ ၃ ရက်က ဝင်ရောက်စီးနင်းပြီး သမ္မတ နီကိုလာ့စ် မာဒူရိုကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း အမေရိကန် ခေါင်းဆောင်ဟာ ကျူးဘားကို ပြောင်းလဲ အာရုံစိုက်နေပါတယ်။
ကျူးဘားရဲ့ ကာလရှည် မဟာမိတ် ဖြစ်တဲ့ ဗင်နီဇွဲလားက ကျူးဘားသို့ တစ်ရက်ကို ရေနံစည်ပေါင်း ၃၅၀၀၀ လောက် တင်ပို့နေတယ်လို့ ယုံကြည်ရပါတယ်။
မိမိတို့ကို ဘာလုပ်ပါ ညာလုပ်ပါဆိုပြီး ဘယ်သူကမှ ညွှန်ကြားလို့ မရကြောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မိမိတို့ နိုင်ငံမှာ အနှောင့်အယှက်မရှိဘဲ လောင်စာ တင်သွင်းခွင့်ရှိတယ်လို့ ကျူးဘား သမ္မတက ပြောထားပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ဗင်နီဇွဲလား ရေနံတင်သင်္ဘောတွေကို အမေရိကန်က သိမ်းယူနေမှုကြောင့် ကျူးဘားမှာ လောင်စာနဲ့လျှပ်စစ် ပြဿနာ ပိုမို ဆိုးရွားလာခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ရေနံတွေကို ဗင်နီဇွဲလားကနေ တင်ဆောင်လာတဲ့ ပဉ္စမမြောက် သင်္ဘော တစ်စီး ကို ဇန်နဝါရီ ၈ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။
ကျူးဘားဟာ ဗင်နီဇွဲလားက ရေနံနဲ့ ငွေကြေးတွေနဲ့ ရပ်တည်လာခဲ့တာ နှစ်များစွာကြာပြီ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
အပြန်အလှန်အနေနဲ့ ကျူးဘားက ဗင်နီဇွဲလားရဲ့ နောက်ဆုံး အာဏာရှင် နှစ်ယောက်အတွက် လုံခြုံရေး ဝန်ဆောင်မှု ပေးခဲ့ကြောင်းနဲ့ နောက်ထပ် အဲဒီလို လုပ်လို့ မရတော့ကြောင်း ထရန့်က လူမှုမီဒီယာမှာ ရေးပါတယ်။
ကျူးဘားသို့ ဗင်နီဇွဲလားရဲ့ ရေနံတွေနဲ့ ငွေကြေးတွေ နောက်ထပ် လုံးဝ မရောက်ရှိစေရဘူးလို့ ထရန့်က ပြောပါတယ်။
ဒါကြောင့် ကျူးဘားအနေနဲ့ နောက်မကျလွန်ခင် သဘောတူညီမှု ရယူဖို့ မိမိအနေနဲ့ အခိုင်အမာ အကြံပြုကြောင်းလည်း သူက ပြောပါတယ်။
သဘောတူညီချက်မှာ ပါဝင်မယ့် သတ်မှတ်ချက် အသေးစိတ် ဒါမှမဟုတ် ကျူးဘား ရင်ဆိုင်ရမယ့် နောက်ဆက်တွဲ အခြေအနေတွေကို ထရန့်က ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။
ဒါပေမဲ့ ကျူးဘား နိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွတ်ဇ်က မိမိတို့ နိုင်ငံအနေနဲ့ တင်ပို့ဖို့ ဆန္ဒရှိတဲ့ နိုင်ငံတွေက လောင်စာကို အနှောင့်အယှက် မရှိ တင်သွင်းခွင့်ရှိပြီး အမေရိကန်ရဲ့ အကြပ်ကိုင်မှုကို အောက်ကျို့စရာ မလိုဘူးလို့ ပြောပါတယ်။
ကျူးဘားဟာ အမေရိကန်လို မဟုတ်ဘဲ တခြား နိုင်ငံတွေကို စစ်ရေးအရ ခြိမ်းခြောက် အကြပ်ကိုင်တာတွေ လုပ်ဆောင်လေ့ မရှိဘူးလို့လည်း သူက ဖြည့်စွက် ပြောပါတယ်။
ကျူးဘားဟာ မာဒူရိုအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး ဝန်ဆောင်မှု ပေးနေတာ နှစ်တွေ အများကြီး ကြာပြီ ဖြစ်ပါတယ်။
ဗင်နီဇွဲလား မြို့တော် ကာရာကတ်စ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း မိမိတို့ နိုင်ငံသား ၃၂ ဦး သေဆုံးခဲ့တယ်လို့ ကျူးဘားအစိုးရက ပြောပါတယ်။
ကျူးဘားအနေနဲ့ တခြား နိုင်ငံတွေကို လုံခြုံရေး ဝန်ဆောင်မှု ပေးတဲ့အတွက် ငွေကြေး သို့မဟုတ် နစ်နာကြေးအနေနဲ့ ပေးတဲ့ ပစ္စည်းတွေ လက်ခံ ရယူတာမျိုး လုံးဝ မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ရိုဒရီဂွတ်ဇ်က တုံ့ပြန်ပါတယ်။
ထရန့်ကတော့ ဗင်နီဇွဲလားအနေနဲ့ တခြား ဘယ်နိုင်ငံရဲ့ အကူအညီကိုမှ ရယူစရာ မလိုတော့ဘဲ အမေရိကန်က ကာကွယ်ပေးသွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
Ref:BBC

