ဝါရှင်တန်၊ ဇန်နဝါရီ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သူ့ကိုယ်သူ ဗင်နီဇွဲလား ယာယီသမ္မတ အဖြစ် ကြေညာထားတဲ့ ဓာတ်ပုံ တစ်ပုံကို လူမှုမီဒီယာမှာ ဖော်ပြလိုက်ပါတယ်။
အမေရိကန် တပ်တွေက ဗင်နီဇွဲလားကို ဝင်ရောက် တိုက်ခိုက်ပြီး သမ္မတ နီကိုလာ့စ် မာဒူရိုကို ဖမ်းဆီးခဲ့ ပြီးနောက် ရက်ပိုင်းအကြာ ဇန်နဝါရီ ၁၁ ရက်က သူ့ရဲ့ Truth Social လူမှုမီဒီယာမှာ အခုလိုမျိုး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မာဒူရိုကို မူးယစ်ဆေးဝါး၊ လက်နက်ဆိုင်ရာ စွဲချက်တွေနဲ့ အမေရိကန်က ရုံးတင် စစ်ဆေးနေပေမယ့် သူက သူဟာ စစ်ပွဲရဲ့ အကျဉ်းသား တစ်ယောက်ဖြစ်တယ်လို့ ပြောပြီး အပြစ်မရှိဘူးလို့ ထွက်ဆိုထားပါတယ်။
၂၀၂၆ ဇန်နဝါရီက စတင် အသက်ဝင်တယ်လို့ ဖော်ပြထားတဲ့ အဲဒီ ဖော်ပြချက်က ဗင်နီဇွဲလားရဲ့ အသွင်ကူးပြောင်းရေးကာလအတွင်း သူကြီးကြပ်သွားဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုမှုတွေကို ပိုမို အားကောင်းလာစေခဲ့ပါတယ်။
မာဒူရိုနဲ့ သူ့ရဲ့ ဇနီး စီလီယာ ဖလောရက်စ်တို့ကို အမေရိကန်က ဖမ်းဆီးသွားပြီးနောက် ဗင်နီဇွဲလား ဒုသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်က ယာယီ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ ပါတယ်။

ဒီအသွင်ကူးပြောင်းရေး ကာလအတွင်း ဗင်နီဇွဲလားနဲ့ သူတို့ရဲ့ အရေးပါတဲ့ ရေနံ ပိုင်ဆိုင်မှုတွေကို ဦးဆောင် ကြီးကြပ်ဖို့ ရည်ရွယ်ထားကြောင်း ထရန့် အစိုးရက ပြောထားပါတယ်။
ထရန့်က အခုလိုမျိုး ဖော်ပြခဲ့ပေမယ့် ဝါရှင်တန်နဲ့ ကာရာကတ်စ်ကြား တရားဝင် သံတမန်ရေး စေ့စပ်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ကာလကြာရှည် ပိတ်ထားခဲ့တဲ့ အမေရိကန် သံရုံး ပြန်လည် ဖွင့်လှစ်နိုင်ခြေကို လေ့လာရေး အမေရိကန် သံတမန်နဲ့ လုံခြုံရေး အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဗင်နီဇွဲလားမြို့တော်သို့ သွားရောက်ခဲ့ကြပါတယ်။
ထရန့်က အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ယာယီသမ္မတ ဖြစ်ကြောင်း ပြောင်ပြောင်တင်းတင်း ပြောဆိုမှုဟာ အမေရိကန် ခေတ်သစ် ရာဇဝင်မှာ မကြုံစဖူး လုပ်ရပ် တစ်ခု ဖြစ်ပါတယ်။
အခုလို လူသိရှင်ကြား ကြားဝင် ဖြေရှင်းလိုစိတ်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ အပေါ် လူသိရှင်ကြား အလေးမထားတဲ့ လုပ်ရပ်ကို တူရကီ အပါအဝင် နိုင်ငံအများက ပြစ်တင် ရှုတ်ချထားပါတယ်။
ထရန့်က ဗင်နီဇွဲလားရဲ့ မဟာမိတ် ကျူးဘားကိုလည်း အမေရိကန်နဲ့ သဘောတူညီမှု တစ်ရပ် မရယူဘူးဆိုရင် ဗင်နီဇွဲလား ရေနံနဲ့ ငွေကြေးတွေ ဆက်လက် ရရှိနိုင်တော့မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ဂိုဏ်းတွေ လှုပ်ရှားနေတဲ့ ဒေသတွေဆီ မြေပြင် တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး နှိမ်နှင်းမယ်လို့လည်း သူက ခြိမ်းခြောက်ထားပါတယ်။
Ref:Yenisafak

