မော်လမြိုင် ၊ ဇန်နဝါရီ ၁၃

အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ အပိုင်းလိုက် ရွေး ကောက်ပွဲမှာ မွန် ပြည်နယ်အတွင်းသာ တဆင့်နိမ့်ပြီး ဝင်ပြိုင်ခဲ့ရတဲ့ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းနေရာ စံချိန်တင် အနိုင်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ မဲများသူအကုန်အနိုင်သူ FPTP စနစ်နဲ့ မွန်ညီညွတ်ရေးပါတီက ချောင်းဆုံမြို့နယ်တစ်ခုတည်းသာ ၂ နေရာ အနိုင်ရရှိထားပေမယ့် အပိုင်း ၂ မှာတော့ ၁၀ နေရာအထိ အနိုင်ရရှိခဲ့တာပါ။

ဒါ့အပြင် အချိုးကျကိုယ်စားပြု PR စနစ်မှာလည်း မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်တွေရဲ့ မဲရလဒ်တွေအပေါ် အချိုးချတွက်ချက်မှုအရ အမျိုးသားလွှတ်တော်မှာ ၂ နေရာနဲ့ ပြည်နယ်လွှတ်တော်မှာ ၃ နေရာ အနိုင်ရရှိခဲ့တယ်လို့ ပါတီရဲ့ ဗဟို Facebook စာမျက်နှာကနေ အသိပေးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုအဆင့် ဝင်ပြိုင်ခဲ့ပေမယ့် မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်း ၁၁ နေရာသာ အနိုင်ရရှိခဲ့တဲ့ မွန်ညီညွတ်ရေးပါတီက စနစ်နှစ်ခုကို ရောနှောကျင့်သုံးတဲ့ စစ်တပ်ရွေးကောက်ပွဲမှာတော့ ၁၇ နေရာအထိ အနိုင်ရရှိခဲ့တာပါ။

မွန်ဒေသခံတစ်ဦးက ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မပါဝင်တဲ့အတွက် အခွင့်အရေးရတာနဲ့ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ပါတီကို ပြည်သူတွေက ရွေးချယ်ဆန္ဒပြုခဲ့ကြတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“NLD မရှိတာလည်း ပါတယ်။ နောက် ပြည်ခိုင်ဖြိုးကိုလည်း နဂိုထဲက တပ်ကဖြစ်တယ်ဆိုပြီး‌တော့ ပြည်သူတွေရဲ့ အမြင်ကလည်း အဲဒီလိုရှိနေတယ်။ ပြည်သူတွေကလည်း အခွင့်အရေးရတာနဲ့ ရတဲ့အပေါက်ကနေ ရအောင်စောင့်တာပေါ့ဗျာ။ သူတို့လုပ်နိုင်တဲ့အပိုင်းက‌နေ ရအောင် (စစ်တပ်ကို) မကြိုက်ကြောင်းကို ပြတယ်ဗျာ။ အဲဒီအတွက် ကြိုက်ရမယ့်ဟာက မွန်ကိုယ်စားပြုတဲ့ MUP ပဲ ရှိတယ်။ အဲဒီတော့ ဒီဟာကိုပဲ ကျွန်တော်တို့က ရွေးချယ်ရတာပေါ့။ ရွေးချယ်စရာနှစ်ခုထဲကမှ အ ကောင်းဆုံးဖြစ်မယ်ထင်တဲ့ဟာကို ရွေးရတာပေါ့။ကိုယ့်ရဲ့ ဆန္ဒကို ဘယ်နေရာကနေ ဖော်ပြလို့ ရလည်းဆိုတဲ့အတိုင်း ဖော်ပြတာပဲ”လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က ရွေးကောက်ပွဲ အပိုင်း ၂ ကို မွန်ပြည်နယ်အတွင်းက ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ကျင်းပခဲ့ပြီး ဘီးလင်းကလွဲရင် FPTP စနစ်နဲ့ မွန်ညီညွတ်ရေးပါတီ ဝင်ပြိုင်တဲ့ မြို့နယ်လေးခုလုံးမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေအပါအဝင် လမိုင်းမြို့၊ ခေါဇာမြို့ နဲ့ ကုလားကုတ်ကျွန်းလောက်သာ မဲပုံးထောင်နိုင်ခဲ့ပေမယ့် မွန်ညီညွတ်ရေးပါတီက လွှတ်တော်သုံးရပ်လုံး အနိုင်ရရှိခဲ့တာပါ။

သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်က ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်အတွက် ၄ နေရာ အနိုင်ရရှိထားပြီး အဲဒီမြို့နယ်နှစ်ခုကို ပေါင်းထားတဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ မှာတော့ တစ်နေရာ အနိုင်ရရှိထားတာပါ။

ဒါ့အပြင် ပေါင်မြို့နယ်မှာလည်း ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၂ နေရာ ရရှိထားတယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပါတီဘက်က သက်ဆိုင်ရာမြို့နယ်အလိုက် ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာကနေ အသိပေးကြေညာခဲ့ပါတယ်။

လောဆယ်မှာ အပိုင်း ၂ ရွေးကောက်ပွဲရလဒ်ကို စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုကြေညာခြင်း မရှိသေးပေမယ့် မွန်ပြည်နယ်အနေနဲ့ ၁၀ မြို့နယ်လုံး ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားခဲ့ပါပြီ။

မဲဆန္ဒနယ်ပေါင်း ၄၅ နေရာရှိတဲ့ မွန်ပြည်နယ်မှာ စနစ်နှစ်ခုလုံးအတွက် စစ်တပ်ကျောထောက် နောက်ခံ ကြံ့ခိုင်‌ရေးပါတီက ကိုယ်စားလှယ်လောင်းနေရာ အများဆုံးရရှိထားပြီး မွန်ညီညွတ်ရေးပါတီကတော့ ကိုယ်စားလှယ်လောင်း ၁၇ နေရာနဲ့ ဒုတိယ ရရှိထားတာပါ။

မွန်ဒေသခံတစ်ဦးကတော့ ဒုတိယနေရာရရှိထားတဲ့ မွန်ညီညွတ်ရေးပါတီအနေနဲ့ လူမျိုးအကျိုးနဲ့ ဒေသအကျိုးကို ဖော်ဆောင်ရာမှာ ပြည်နယ်အစိုးရဖွဲ့တဲ့အခါ ဘယ်လောက်အထိ ပါဝင်ခွင့်ရနိုင်မလဲဆိုတာ မူတည်တယ်လို့ ပြောပါတယ်။

“တပ်မတော်ဘက်ကလည်း ဖက်ဒရယ်လို့ သူတို့ဘက်က ပြောထားတယ်ဆိုတော့လေ ကျွန်တော်တို့ ဒီမွန်လူမျိုးတွေ လက်ရှိလွှတ်တော်ထဲရောက်မယ့် သူမျိုးတွေကို ဘယ်လောက် နေရာပေးမလဲဆိုတာကိုလည်း ကြည့်ရမယ်။ ကျွန်တော်တို့ မွန်ပြည်နယ်သားတွေက မွန်လူမျိုးတွေက လွှတ်တော်ထဲမှာရော မွန်ပြည်နယ်အစိုးရအဖွဲ့ထဲမှာရော ဘယ်လောက်ပါဝင်လဲဆိုတဲ့ ရာခိုင်နှုန်းအပေါ် ကြည့်ပြီးမှ ကျွန်တော်တို့ရဲ့ မွန်ဒေသအကျိုး မွန်လူမျိုးအကျိုးကို ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုတာ ပြောလို့ ရမယ်ထင်တယ်။အခုဟာက အနိုင်ရထားတာဖြစ်ပေမယ့် အစိုးရဖွဲ့တဲ့နေရာမှာ တကယ့်တကယ် ဆုံးဖြတ်နိုင်တဲ့နေရာတွေမှာ ဒေသခံဖြစ်တဲ့ မွန်လူမျိုးတွေကို နေရာပေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးကိစ္စတွေကအစ ဘာကိစ္စဖြစ်ဖြစ် မွန်နဲ့မွန် ပြောရတာ ပိုအဆင်ပြေတာပေါ့”လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေကတော့ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲကို အတုအယောင်အဖြစ် သတ်မှတ်ထားပြီး အာ ဏာရှင်သက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းတဲ့ လုပ်ရပ်ထက် မပိုဘူးလို့ ထောက်ပြထားကြတာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ် တပ်ဟာ ရွေးကောက်ခံအစိုးရသက်တမ်းလိုမျိုး နိုင်ငံကို ၅ နှစ်တာ အုပ်ချုပ်ဖို့ အရေးပေါ်ကာလကို အကြိမ်ကြိမ်တိုးယူပြီးနောက် နိုင်ငံရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့တာပါ။

စစ်အာဏာသိမ်းမှု ၅ နှစ်နီးပါးအကြာ စစ်တပ်အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေထဲက ၂၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ ကို ကျင်းပခဲ့ပြီး အပိုင်းသုံးကိုတော့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ၆၃ မြို့နယ်အတွင်း ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ တခါမှ မကျင့်သုံးခဲ့ဖူးတဲ့ အီလက်ထရောနစ်မဲပေးစက်တွေကို အသုံးပြုခဲ့သလို မဲပေးစနစ်ကိုလည်း မဲများသူအကုန်အနိုင်ယူ FPTP စနစ်နဲ့ အချိုးကျကိုယ်စားပြုစနစ် PR တို့ကို ရောနှောထားပြီး အပိုင်းသုံးပိုင်းနဲ့ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ အင်အားကြီးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မပါဝင်တဲ့ ရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်တွေဝင်ပြိုင်တဲ့ ကြံ့ခိုင်ရေးပါတီဟာ နိုင်ငံတဝန်း ကိုယ်စားလှယ်နေရာအများဆုံး အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် ရွေး‌ကောက်ခံစရာမလိုတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလည်း ရှိနေတဲ့အတွက် ကြံ့ခိုင်ရေးပါတီကပဲ လွှတ်တော်တွေ အပါအဝင် ဗဟိုအစိုးရနဲ့ ပြည်နယ်၊တိုင်း အစိုးရအဖွဲ့တွေမှာ ကြီးစိုးလာနိုင်မှာမို့ စစ်တစ်ပိုင်းအစိုးရအဖြစ်သာ မြင်တွေ့လာနိုင်တယ်လို့ ဝေဖန်ထားကြတာပါ။

တစ်ဘက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားတာဖြစ်တဲ့အတွက် တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မျှော်လင့်လို့ မရနိုင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MUP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.