ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၂၈၃ ခြေမြန်တပ်ရင်းက တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNLA တပ်မဟာ ၆ ထံ အလင်းဝင်လာတယ်လို့ Phoenix – Special Warfare Force က သတင်းထုတ်ပြန်ထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ ခလရ ၂၈၃ တပ်ရင်းက တပ်သားအောင်ကိုကိုဟာ စစ်ကော်မရှင်လက် အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တဲ့အတွက် ဇန်နဝါရီ ၈ ရက် ညပိုင်းက KNLA တပ်မဟာ ၆ တပ်ရင်း ၁၇ တပ်ခွဲ ၂ ထံ MA-3 တစ်လက် ကျည် ၁၂၀ တောင့် ကျည်ဘောက် ၅ ဘောက်နဲ့အတူ CDM ပြုလုပ်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို အာဏာရှင်အဖွဲ့အစည်းကနေ စွန့်ခွာကာ အမှန်တရားဘက်ကိုပူးပေါင်းရပ်တည်ခဲ့တဲ့ တပ် သားအောင်ကိုကိုကို KNLA တပ်မဟာ ၆ တပ်ရင်း ၁၇ တပ်ခွဲ ၂ က ဗိုလ်ကြီးစောအေးစိုးက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစေခိုင်းခံရသူတွေအနေနဲ့ မိမိတို့ရဲ့ လွတ်လပ်ခွင့်နဲ့ လူသားဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်ဘက်ပြောင်းခိုလှုံကြဖို့ Phoenix – Special Warfare Force က ဆိုထားပါတယ်။

ဒီလိုအလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို Geneva Convention ဥပဒေနဲ့အညီ ထိန်းသိမ်းသွားမှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် Phoenix – Special Warfare Force အနေနဲ့ အမြဲတမ်းအသင့်ရှိနေကြောင်း အသိပေးတိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ထဲမှာ ကျန်ရှိနေသေးတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဘက်ပြောင်းခိုလှုံဝင်ရောက်လာမယ်ဆိုပါက နွေးနွေးထွေးထွေးကြိုဆိုလက်ခံပြီး ကောင်းမွန်စွာထားပေးမှာဖြစ်သလို အလင်းဝင်လာတဲ့ တပ်သားတွေအနေနဲ့ စိတ်ဆန္ဒရှိမယ်ဆိုပါက စစ်ကောင်စီကို ပြန်လည်တော်လှန်တိုက်ခိုက်နိုင်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Phoenix – Special Warfare Force

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.