ထားဝယ်၊ ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်မှာ နှစ်ရက်အတွင်း လူငယ် ၈၀ နီးပါး ပေါ်တာဆွဲခံလိုက်ရပြီး အများစုဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့ ညက ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးသွားတာပါ။

လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးရာမှာ ဧည့်စာရင်းအကြောင်းပြချက်နဲ့ အင်အားအလုံးအရင်း အသုံးပြုပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေကို ညတွင်းချင်းပဲ ရေဖြူမြို့နယ်အခြေစိုက် ကလိန်အောင်တပ်ရင်းထံ ချက်ချင်း ပို့ဆောင်လိုက်တာပါ။

စစ်မှုထမ်း ပေါ်တာဆွဲခံရတဲ့ လူငယ်တွေကို မိသားစုဘက်က သွားရောက်တွေ့ဆုံပေမယ့် တွေ့ခွင့်မရကြဘဲ စစ်မှုထမ်း တပ်သားစုဆောင်းလိုက်ပြီလို့သာ အကြောင်းပြန်တယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့ပေါ်မှာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် လူငယ်အများစု နေအိမ်အပြင်မထွက်ရဲကြသလို ပုန်းခိုးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.