နေပြည်တော် ၊ ဇန်နဝါရီ ၁၁
အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်ဖြစ်ဖို့ လုပ်ဆောင်တဲ့ အပိုင်းလိုက် ရွေးကောက်ပွဲတွေ ကျင်းပလို့ မပြီးသေးခင်မှာပဲ ထာဝရငြိမ်းချမ်းရေးအတွက် ဒေသအလိုက် ကြိုးစားဆောင်ရွက်ရမယ့် အချိန်အခါလို့ စစ်ခေါင်းဆောင်က စကားဦးသန်းလာပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့တာပါ။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းကြရမှာဖြစ်ပြီး အခုလို တိုင်းရင်းသားဒေသအသီးသီးက လက်နက်အားကိုးနဲ့ နိုင်ငံအတွက် ကောင်းကျိုးမဖြစ်နိုင်တဲ့ တိုက် ခိုက်မှုတွေ တောင်းဆိုမှုတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ အကြမ်းဖက်စနစ်သာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတွေကိုယ်တိုင် ပြန်လည်ဒုက္ခပေးနေခြင်းသာဖြစ်လို့ သတိထားဆင်ခြင်သုံး သပ်သင့်ကာ ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ကြရမယ့် အချိန်အခါဖြစ်ကြောင်း အသိပေးထားတာပါ။
အလားတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကနေ ကင်းဝေးဖို့ လိုအပ်ကာ နိုင်ငံတည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက်နိုင်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်နယ်အကျိုး၊ ပြည်နယ်အတွင်းရှိ ပြည်သူတွေအကျိုးကို ရှေးရှုပြီး တိုက်ပွဲတွေ ရပ်တန့်စေရေး၊ ဆူပူအကြမ်းဖက်မှုတွေ ပပျောက်စေရေးတို့ကို အလေးထားလုပ်ဆောင်ဖို့ အချိန်အခါသင့်နေပြီလို့ စစ်ခေါင်းဆောင်က တိုက်တွန်းထားတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်အနေနဲ့ ရွေးကောက်ပွဲအလွန်မှာ တိုင်းရင်းသားတွေကို တွေ့ဆုံဆွေးနွေးရေးနဲ့ ရအောင် ချုပ်မှာဖြစ်ပြီး တိုင်းဒေသကြီးဘက်ကို စစ်ရေးအရ ပိုပြီး ဦးတည်လာမယ်လို့ သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲအလွန်ကာလမှာ စစ်တပ်က လုံးဝတိုင်းရင်းသားတွေကို ရအောင်ချုပ်မယ်။ တောင်းဆိုသမျှဟာကို အကုန်လုံး လိုက်လျောပေးမယ်။ ဒါပေမယ့် ဒီဘက် တော်လှန်ရေးအင်အားစုတွေ (ရှိနေတဲ့) တိုင်းဒေသကြီးတွေကို စစ်ရေးအရ ဖိအားပေးလာမယ်။ အဲဒီမှာ တစ်ဘက်မှာကလည်း တိုင်းရင်းသားဒေသတွေမှာ အခြေပြုပြီး နေနေတဲ့ တော်လှန်ရေးအင်အားစုတွေက ဘယ်လိုပုံစံမျိုးနဲ့ ဝင်လာပြီးတော့ ဆက်ပြီးတော့ တိုက်ခိုက်နိုင်မလဲပေါ့။ အဲဒါတွေအထိပါ သူတို့က (စစ်တပ်) ချုပ်လာနိုင်တယ်။ အဲဒီတော့ ရွေးကောက်ပွဲအလွန်ကာလမှာ တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းက တိုင်းရင်း သားတွေနဲ့ ဖြစ်သွားပြီး စစ်ရေးဘက်မှာ တိုင်းဒေသကြီးဘက်ကို ပိုပြီး ဦးတည်လာမယ်။ပိုပြီးတော့ ဇောင်းပေးလာမယ့် အနေအထားမျိုးလို့ပဲ ကျွန်တော်က သုံးသပ်ပါတယ်ဗျ”လို့ ဆိုပါတယ်။
စစ်တပ်အနေနဲ့ အာဏာသိမ်းမှုအတွင်း အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ နဲ့ မထိုးထားတဲ့ ၃ ဖွဲ့ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုကနေ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက ၄၃ ချက်ကို ပြင်ဆင်ဖို့ သဘောတူညီမှု ရရှိထားတာပါ။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ ပါဝင်ခဲ့တဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲထားကြပြီး တော်လှန်ရေးမှာ ပါ ဝင်နေမှုကိုလည်း တစ်ခန်းရပ်ထားခဲ့ရပါတယ်။
စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ အပိုင်း ၃ ကို ဆက်လက်ကျင်းပမှာဖြစ်ကာ ပေါ်ပေါက်လာမယ့် အစိုးရကို စစ်တပ်က တာဝန်ယူထားတဲ့ နိုင်ငံ့တာဝန်တွေကို မကြာမီ လွှဲပြောင်းပေးသွားမယ်လို့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဆန္ဒမဲပေးတဲ့အခါမှာလည်း နိုင်ငံတည်ရှိနေသရွေ့ တည်တံ့ခိုင်မြဲစွာ တည်ရှိနေမယ့် တပ်မတော်နဲ့ လက်တွဲလုပ်ဆောင်နိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပြီး ဆန္ဒမဲပေးနိုင်ဖို့ လိုအပ်ကြောင်းကိုလည်း ပန်းတောင်းခရီးစဉ်မှာ စည်းရုံးထားပါသေးတယ်။
တစ်ဘက်မှာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်း ၁၄ ခုကို ဇန်နဝါရီ ၉ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။
ဒ့ါအပြင် ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ က ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

