တီဟီရန်၊ ဇန်နဝါရီ ၁၀

အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေဟာ အမေရိကန်သမ္မတ ကျေနပ်စေဖို့ ကြိုးပမ်းနေကြတဲ့ ပြဿနာရှာသူတွေ ဖြစ်တယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောလိုက်ပါတယ်။

အီရန်က ဆန္ဒပြပွဲတွေကို အမေရိကန်က အကြမ်းဖက်မှုတွေ ဖြစ်အောင် ကျယ်ပြန့်တဲ့ ဖျက်ဆီး တိုက်ခိုက်မှုတွေ ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အပြစ်တင်ထားတဲ့ စာတစ်စောင်ကိုလည်း အီရန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ပေးပို့ထားပါတယ်။

ဒီအတောအတွင်း ထရန့်က အီရန် ပြဿနာ အကြီးအကျယ်တက်နေပြီလို့ ပြောပါတယ်။ ၁၃ ရက်မြောက်သို့ ဝင်ရောက်လာပြီ ဖြစ်တဲ့ ဆန္ဒပြပွဲတွေဟာ စီးပွားရေး ပြဿနာနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး နှစ်များစွာအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပါတယ်။

တချို့က ဘုရင်စနစ်ပြန်ထားရှိဖို့ တောင်းဆိုနေကြပြီး တခြားဆန္ဒပြသူတွေက အစ္စလာမ်မစ် ပြည်ထောင်စု အဆုံးသတ်ဖို့ တောင်းဆိုနေကြပါတယ်။ ဆန္ဒပြသူ ၄၈ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

အမေရိကန်က အီရန် ဆန္ဒပြပွဲ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အမေရိကန် ဝင်ပါမယ် ဆိုရင်လည်း စစ်သားတွေ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အင်တာနက်လိုင်းတွေကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြတ်တောက်ထားချိန်မှာ ထရန့်က အီရန်ကို သူတို့ အထိနာစေမယ့် နေရာကို ထိုးနှက် တိုက်ခိုက်မယ်လို့ ပြောထားပါတယ်။

အီရန် အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်မယ်ဆိုရင် အမေရိကန်က ကြားဝင် ဖြေရှင်း ရလိမ့်မယ်လို့လည်း ထရန့်က စောစောပိုင်းက သတိပေးထားပါတယ်။အီရန်ရဲ့ ပြည်တွင်းရေးမှာ အမေရိကန် ကြားဝင်စွက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန် သံအမတ်က စွပ်စွဲထားပါတယ်။

မတည်ငြိမ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို အမေရိကန်က တမင်တကာ အားပေးနေတယ်လို့ လုံခြုံရေး ကောင်စီသို့ ပေးပို့ထားတဲ့စာမှာ အီရန်က ရေးသား ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က ဆန္ဒပြပွဲတွေ စတင်ပြီး နောက်ပိုင်း ဆန္ဒပြသူ ၄၈ ဦး သေဆုံးခဲ့ပြီး ၂၂၇၇ ဦး ဖမ်းဆီးခံထားရတယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့(HRANA)က ပြောပါတယ်။ နော်ဝေးအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (IHRNGO) က ကလေး ၉ ဦး အပါအဝင် ဆန္ဒပြသူ ၅၁ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ် ခေါင်းဆောင်တို့က သူတို့ရဲ့ ပူးတွဲ ကြေညာချက်မှာ အီရန် လုံခြုံရေးတပ်တွေရဲ့ အကြမ်းဖက်မှုတွေကို ကြားသိရတဲ့အတွက် အလွန် စိုးရိမ်ကြောင်းနဲ့ ဆန္ဒပြသူတွေကို သတ်ဖြတ်နေမှု ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.