ရွှေကျင်၊ ဇန်နဝါရီ ၉

ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက် ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့က ရွှေကျင်မြို့နယ် ဝိုင်ကျွန်းကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အသက် ၄၃ နှစ်အရွယ် ဒေါ်ကေသွယ်ထွန်း သေဆုံးခဲ့ပြီး အသက် ၆၂ နှစ်အရွယ် ဦးအေးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၇ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် ဇရပ်ခင်ကျေးရွာထဲကို စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ဦးအောင်ကိုလှ ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ကျောက်ကြီးမြို့နယ် အလယ်စုကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် ဒေါ်သိန်းသီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းနေတဲ့ ကာလအတွင်း KNU နယ်မြေက အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု အဆက်မ ပြတ်ကျူးလွန်နေတယ်လို့ KNU ဗဟိုက ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.