ဘေရွတ်၊ ဇန်နဝါရီ ၉

အမေရိကန်နဲ့ စစ်ခင်းဖို့ အဆင်သင့်ရှိကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

မိမိခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ အစ္စရေးရဲ့ စိန်ခေါ်မှုတွေနဲ့ ဒေသဆိုင်ရာလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အမေရိကန်နဲ့ စစ်ပွဲဆင်နွှဲဖို့ အသင့်ရှိပေမယ့် နှစ်ဦးနှစ်ဖက် လေးစားမှုနဲ့ အကျိုးစီးပွားတွေကို အခြေခံတဲ့ ဆွေးနွေးမှုတွေ ဖြစ်မယ်ဆိုရင် ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိတယ်လို့လည်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်က ဆွေးနွေးဖို့ ရည်ရွယ်ချက် မရှိဘူးဆိုရင်တော့ စစ်ပွဲဆင်နွှဲဖို့ အဆင်သင့်ပဲလို့ အာရက်ချီက ဇန်နဝါရီ ၈ ရက်မှာ ပြောထားပါတယ်။

သူ့ရဲ့ လက်ဘနွန် ခရီးစဉ်အတွင်း အီရန် စီးပွားရေးကိုယ်စားလှယ်တွေလည်း လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး ယူဆွတ် ရာဂျီက အီရန်ရဲ့ ဖိတ်ခေါ်မှုကို ပြီးခဲ့တဲ့လက ငြင်းဆိုခဲ့ပြီး နှစ်နိုင်ငံစလုံး သဘောတူတဲ့ ကြားနိုင်ငံ တစ်နိုင်ငံမှာပဲ ဆွေးနွေးနိုင်မယ်လို့ ပြောကြားခဲ့တာပါ။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ အီရန်ကို သွားဖို့ ငြင်းဆိုရတာ ဖြစ်တယ်လို့ ဝန်ကြီး ရာဂျီက ပြောပေမယ့် ဆိုလိုတဲ့ အသေးစိတ်ကို ပြောထားတာ မရှိပါဘူး။

လက်ရှိ အီရန်မှာ ဆန္ဒပြသူတွေ သေဆုံးမှု အရေအတွက် ပိုများလာနေပေမယ့် ဆန္ဒပြပွဲတွေ အရှိန်မြင့်လာနေပါတယ်။

အီရန်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကိုသတ်ဖြတ်ရင် မိမိတို့ ကြားဝင်ဖြေရှင်းမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးခဲ့ပေမယ့် အီရန်မှာ ဆန္ဒပြသူတွေ ထပ်ပြီး သတ်ဖြတ်ခံနေရပါတယ်။

ငွေတန်ဖိုးကျဆင်းမှု၊ ငွေဖောင်းပွမှုတို့ကြောင့် ဈေးသည်တွေ မကျေနပ် ဖြစ်ရာက စတင်လာခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတဝှမ်း ပျံ့နှံ့သွားပြီး တက္ကသိုလ်ကျောင်းသားတွေလည်း ပါဝင်လာပါတယ်။

စားဝတ်နေရေး ခက်ခဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်လာပြီး အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးပါစေလို့ ဆန္ဒပြသူတွေက ကြွေးကြော်နေကြပါတယ်။

လောလောဆယ် အီရန်မှာ အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခ ဖြစ်နေချိန် ဆန္ဒပြပွဲတွေ ပိုမို ပြင်းထန်လာပါတယ်။

အီရန် လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ပစ်သတ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားခဲ့ပြီးနောက် အမေရိကန်က အီရန် အာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ထရန့်က ဇန်နဝါရီ ၈ ရက်မှာ ပြောဆိုထားပါတယ်။

ဆန္ဒပြပွဲတွေ စတင်ပြီး နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက အသက်မပြည့်သေးသူ ၈ ယောက် အပါအဝင် ၄၅ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ နော်ဝေ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (IHR) က ဇန်နဝါရီ ၈ ရက်မှာ ပြောပါတယ်။

အီရန် အစိုးရပိုင် မီဒီယာကတော့လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် သေဆုံးသူ ၂၁ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နှင်းဖို့ ကြိုးပမ်းမှုတွေ ရှိနေပေမယ့် ဆန္ဒပြပွဲတွေ အရှိန်ပိုကောင်းလာပြီး တစ်နိုင်ငံလုံးမှာ ပျံ့နှံ့ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။

ဒီအတောအတွင်း မငြိမ်သက်မှု ပိုဆိုးလာရင် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ ရုရှားသို့ ထွက်ပြေးဖို့ စီစဉ်ထားတယ်လို့ အတည်မပြုရသေးတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref:AFP/Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.