ဝါရှင်တန်၊ ဇန်နဝါရီ ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မူးယစ်ဆေးဝါး ဂိုဏ်းကြီးတွေရှိနေတဲ့ နေရာတွေကို မြေပြင် တိုက်ခိုက်မှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်မှာ ပြောလိုက်ပါတယ်။

ကာရေဗီယံပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းမှာ မူးယစ်ဆေးဝါး တင်ဆောင်လာတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန် ထရန့်က အခုလိုမျိုး ပြောလာတာပါ။

မက္ကစီကိုမှာ မူးယစ်ဆေးဝါးဂိုဏ်းတွေက ကြီးစိုးနေတယ်လို့လည်း ထရန့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုကို အမှတ်မထင် ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် ထရန့်က အခုလို ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး တင်ဆောင်လာတယ်ဆိုတဲ့ သင်္ဘောတွေကို စက်တင်ဘာလက စတင်ပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားရှိ အဲဒီလို သင်္ဘောတွေ ဆိုက်ကပ်ရာနေရာတွေကို မြေပြင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။

ဒါပေမဲ့ မက္ကစီကိုရှိ မူးယစ်ဆေးဝါး ဂိုဏ်းကြီးတွေကို တိုက်ခိုက်မယ်ဆိုရင် အမေရိကန်ရဲ့ စစ်ရေး လှုပ်ရှားမှု သိသိသာသာ အရှိန်မြင့်လာမှာ ဖြစ်ပါတယ်။

ကာရာကတ်စ်ရှိ လက်ယာယိမ်း ယာယီအစိုးရက အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း တည်ငြိမ်မှုကို အန္တရာယ်ကျရောက်စေတယ်လို့ ပြောကြားပြီး ပြစ်တင် ရှုတ်ချထားပါတယ်။

မက္ကစီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘွန်းက အမေရိကန်မှာ ဘာလုပ်ပိုင်ခွင့် အာဏာမှ မရှိဘူးလို့ ပြောထားပါတယ်။

မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နှင်းရေး မက္ကစီကိုသို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ သမ္မတ ရှိန်းဘွန်းကို တွန်းအားပေးနေတယ်လို့ ထရန့်က ပြောပါတယ်။ အရင်က ထရန့်ရဲ့ အဲဒီလို တောင်းဆိုမှုတွေကို မက္ကစီကိုသမ္မတက ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သို့ ဖန်တနိုင်း အပါအဝင် မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေမှုကြောင့် ပြဿနာတွေ ကြုံတွေ့နေပြီး တရုတ်ကိုလည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထရန့်က သတိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.