ကာရာကတ်စ်၊ ဇန်နဝါရီ ၉
လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံရေး အကျဉ်းသားတွေလို့ မှတ်ယူထားတဲ့ အကျဉ်းသားတွေကို ဗင်နီဇွဲလားအစိုးရက စတင်လွှတ်ပေးနေပြီး စိတ်ကောင်းစေတနာ ပြသတဲ့ အနေနဲ့ အခုလို လွှတ်ပေးတာလို့ ပြောပါတယ်။
နှစ်နိုင်ငံသားခံယူထားသူ တစ်ဦး အပါအဝင် မိမိတို့ နိုင်ငံသား ၅ ဦး ပြန်လည် လွတ်မြောက်လာတယ်လို့ စပိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရိုစီယို ဆန် မီဂွေးလ်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဗင်နီဇွဲလား မြို့တော် ကာရာကတ်စ်ကို အမေရိကန်က လျက်တပြက် စီးနင်းတိုက်ခိုက်ပြီး သမ္မတ နီကိုလာ့စ် မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် အခုလိုမျိုး ဗင်နီဇွဲလားအစိုးရက လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးသမားတွေ ပြန်လွတ်မြောက်ရေးဟာ အမေရိကန်က ကာလ ကြာရှည် တောင်းဆိုထားတဲ့ ကိစ္စတစ်ခု ဖြစ်ပြီး အထူးသဖြင့် ရွေးကောက်ပွဲတွေ ကျင်းပချိန်နဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားချိန်မှာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလား အမျိုးသားလွှတ်တော် ခေါင်းဆောင် ဖြစ်ပြီး လက်ရှိ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်ရဲ့ မောင်ဖြစ်သူ ဂျော့ချ် ရိုဒရီဂွတ်ဇ်က အကျဉ်းသား အတော်များများကို ချက်ချင်း လွှတ်ပေးမှာ ဖြစ်ကြောင်း ရုပ်သံက တဆင့် ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ သူရဲ့ ပြောဆိုမှုတွေမှာ ဘယ်လို အကျဉ်းသားတွေကို အရေအတွက် ဘယ်လောက် ဘယ်မျှ လွှတ်ပေးမယ်လို့ ပြောဆိုထားတာ မတွေ့ရပါဘူး။
ဗင်နီဇွဲလားမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာရှိပြီး အခုအချိန်အထိ လက် တစ်ဆုပ်စာလောက်ပဲ ပြန်လွတ်မြောက်သေးပါတယ်။
အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ယာယီအစိုးရက အခုလို အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ ဖြစ်တယ်လို့ ဂျော့ချ် ရိုဒရီဂွတ်ဇ်က ပြောပါတယ်။
ဗင်နီဇွဲလား စစ်တပ်က လုံခြုံရေးနဲ့ ကာကွယ်ရေး ကျွမ်းကျင်သူ မစ္စစ် ဆန်မီဂွေးလ်ဟာ ပထမဆုံး လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ကာရာကတ်စ်မြို့အနီး မိုင်ကွေတီယာ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီအချိန်က မစ္စစ် ဆန်မီဂွေးလ်ဟာ မာဒူရိုကို ဝေဖန်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုထဲ ပါဝင်တယ်လို့ စွပ်စွဲခံရပြီး နိုင်ငံတော်သစ္စာဖောက်မှု၊ လျှို့ဝှက် ပူးပေါင်းကြံစည်မှု၊ အကြမ်းဖက်ဝါဒ စွဲချက်တွေနဲ့ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလား လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အခုလို နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူတွေ ပြန် လည်လွတ်မြောက်မှုကို သတိထားပြီး ကြိုဆိုခဲ့ကြပါတယ်။
အဲဒီ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို တည်ထောင်သူ တချို့ဟာ အခုအချိန်အထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
မာဒူရိုကို လိုလားတဲ့ အဓိကပုဂ္ဂိုလ် တစ်ဦး ဖြစ်ပေမယ့် ဗင်နီဇွဲလား ယာယီအစိုးရဟာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ သဘောထားရှိပုံရပါတယ်။
ဒါက အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင် မာဒိုရိုထက် ပိုဆိုးတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထရန့်က ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ သဘောထား ဖြစ်ပါတယ်။
ဗင်နီဇွဲလားရှိ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထားတဲ့ အကျဉ်းထောင်တွေကို ပိတ်ပစ်မယ်လို့လည်း ထရန့်က ပြောဆိုထားပါတယ်။
Ref:BBC

