မော်လမြိုင် ၊ ဇန်နဝါရီ ၉
အပိုင်း ၁ ရွေးကောက်ပွဲ စတင်ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတို့မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ လစဉ်ခြုံငုံသုံးသပ်ချက်ကနေ သိရပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ လှုပ်ရှားမှုဒေသတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေအပေါ် ဒေသခံတွေကို မေးမြန်းပြီး ကိန်းဂဏန်းတွေနဲ့တကွ ဖော်ပြထားတာပါ။
အဲဒီထဲမှာ မတရားဖမ်းဆီးခံထားရမှု ၄၈ မှု၊ ချုပ်နှောင်ထိန်းသိမ်းခံရမှု ၃၅ မှု၊ ထိခိုက်ဒဏ်ရာရရှိမှု ၇၄ မှုနဲ့ မတရားသတ်ဖြတ်ခံရမှု ၂၆ မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူနေအိမ် ၁၀၄ လုံးကျော် ပျက်စီးခဲ့ပါတယ်။
ဒ့ါအပြင် ကရင်တောင်ပိုင်း၊ မွန်အရှေ့ပိုင်းနဲ့ တနင်္သာရီတောင်ပိုင်းတို့မှာ စစ်တပ်က ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့မှုဖြစ်စဉ် ၁၉ ခုကျော်ရှိခဲ့ပြီး စစ်ကြောင်းထိုးစဉ်အတွင်း စစ်တပ်က အဓမ္မသိမ်းယူစေခိုင်းခဲ့တဲ့ ပြည်သူပိုင်ယာဉ်အစီးရေ ၇၀ ကျော် ရှိခဲ့တာပါ။
ထပ်မံတိုးပွားလာတဲ့ စစ်ဘေးရှောင်အရေအတွက်ကလည်း မွန်ပြည်နယ်မှာ ၅,၈၀၀ ကျော်၊ ကရင် ပြည်နယ်မှာ ၁၁,၅၀၀ ကျော်နဲ့ တနင်္သာရီတိုင်းမှာ ၉,၅၀၀ ကျော် စုစုပေါင်း ၂၆,၈၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။
တစ်ဘက်မှာ လူငယ်လူရွယ် ၂၈၀ ကျော်ဟာ စစ်မှုထမ်းသင်တန်းအတွက် သင်တန်းသားအဖြစ် အဓမ္မစုဆောင်းခံခဲ့ရပြီး ရွေးကောက်ပွဲမှာလည်း မွန်နဲ့ ကရင်က မဲရုံတွေမှာ စစ်တပ်က လုံခြုံရေးအထူးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ မြေပြင်သတင်းနဲ့ ဒေသတွင်း စောင့်ကြည့်လေ့လာမှုတွေအရ အကြောက်တရားတွေ ပျံ့နှံ့နေတာ၊ ခြိမ်းခြောက်မှုတွေ ကျယ်ပြန့်နေတာနဲ့ လုံခြုံရေးအထူးတင်းကြပ်ထားတာကြောင့် ရွေးကောက်ပွဲအပိုင်း ၁ မှာ လူအနည်းငယ်ကသာ မဲပေးခဲ့တာပါ။
စစ်ကော်မရှင်ခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ဆန္ဒမဲပေးနိုင်သူ ၅၉၀,၀၀၀ ကျော်ရှိတဲ့ထဲက ၂၃၀,၀၀၀ ကျော် မဲလာပေးခဲ့ကြပြီး ရာခိုင်နှုန်းအနေနဲ့ မဲပေးသူ ၃၉ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် မိမိဆန္ဒအလျောက် တက်ကြွစွာ ဆန္ဒမဲပေးသူတွေကို အရိပ်အယောင်ပင် မတွေ့ရှိရဘဲ လူအများစုဟာ ဖိအားပေးခံရခြင်းကြောင့်သာ လာရောက်မဲပေးကြတာလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထောက်ပြပါတယ်။
ဒါ့အပြင် မဲမပေးရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပွားလာမှာကို ကြောက်လန့်နေကြပြီး မဲပေးမှုဖြစ်စဉ်မှာ စစ်မှုထမ်းခြင်း၊ ခရီးသွားခွင့်ထောက်ခံချက်နဲ့ အခြားအုပ်ချုပ်မှုဆိုင်ရာ အပြစ်ပေးမှုတွေနဲ့ ခြိမ်းခြောက်တာတွေကို လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားတာပါ။
ဒါကြောင့် ရွေးကောက်ပွဲအပိုင်း ၁ ဟာ ဆန္ဒမဲပေးသူ နည်းပါးနေတဲ့အပြင် ဖမ်းဆီးမှုတွေ ခြိမ်းခြောက်မှုတွေနဲ့ မြေပြင်မှာ စစ်တပ်ထောက်ခံနေသူတွေ ကြီးစိုးနေတာကြောင့် ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုကြောင်း ပြောဆိုနိုင်မှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

