မော်လမြိုင် ၊ ဇန်နဝါရီ ၉

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း၂ အတွက် ကြိုတင်မဲတွေ မဖြစ်မနေ ပေးခိုင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း၂ ကို မွန်ပြည်နယ်ရဲ့ မြို့နယ်တွေ ဖြစ်တဲ့ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း၂ ကျင်းပပြုလုပ်မယ့် မြို့နယ်တွေရှိ စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ နာမကျန်းသူတွေအပြင် ကြိုတင်မဲပေးပိုင်ခွင့်ရှိတဲ့သူတွေကို ကြိုတင်မဲ မဖြစ်မနေ ပေးကြဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးပိုင်ခွင့် ရှိတဲ့သူတွေကို မပျက်မကွက် ကြိုတင်မဲပေးဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံ ဆော်ဩတာ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိက အိပ်ယာထဲ ထမနိုင်လို့ နေမကောင်းတဲ့ လူတွေလောက်ပဲ ကြိုတင်မဲပေါ့။ မီးဖွားမယ့်လူတို့ အနာကြီး ရောဂါသည်တို့ ကူးစက်ရောဂါ ဖြစ်တဲ့သူတို့ ကြိုတင်မဲပေးလို့ရတယ်။ လော်စပီကာနဲ့ လိုက်အော်တာ ရှိတယ်။ နာမကျန်း ဖြစ်တဲ့သူဆိုရင် ကြိုတင်မဲ ပေးဖို့ ပုံစံ ၁၃ နဲ့ လျှောက်ဖို့ မပျက်မကွက် မဲလာပေးဖို့ လော်နဲ့ ဆော်ဩတာ ရှိတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် တချို့ ကြိုတင်မဲ လာရောက် မပေးသူတွေကိုတော့ အုပ်ချုပ်ရေးမှူးတွေက ဖုန်းဆက် ခေါ်ပြီး လာခိုင်းတာ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ တစ်ဆင့်ခေါ်ခိုင်းတာအပြင် မဖြစ်မနေ ကြိုတင်မဲ ပေးဖို့ ဖိအားပေးတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း၂ ပြုလုပ်မယ့် မြို့နယ်တွေမှာတော့ မြို့တွင်း တပ်ဖြန့်တာ၊ အင်းအား အများအပြား အသုံးပြုပြီး စစ်ကြောင်းထိုးတာအပြင် လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုတွေအစ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ ဘီးလင်းမြို့နယ်နဲ့ ရေးမြို့နယ်တို့မှာ ရွေးကောက်ပွဲ အပိုင်း၂ မကျင်းပမီ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေသလို စစ်ကော်မရှင်တပ်ဘက်ကလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲ အပိုင်း၁ ကို ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရော မြို့နယ်တို့မှာ ပြုလုပ်ခဲ့ပြီး စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကသာ အများဆုံး အနိုင်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.